မော်လမြိုင်မြို့ ရပ်ကွက် (၅) ခု၌ ရေနစ်မြုပ်မှုကြောင့် အိမ်ထောင်စု (၂၀၀၀) ကျော် ရေဘေးသင့်

PUBLISHED - July 27, 2021
နေပြည်တော်၊ ဇူလိုင် – ၂၇ (People Media)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဇူလိုင်လ ၂၆ ရက်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက် (၅) ခု၌ ရေလွှမ်းမိုးခဲ့ပြီး အိမ်ထောင်စု (၂၀၀၀) ခန့် ရေဘေးသင့်နေတယ်လို့ မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေး ဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။
“ရေကြီးတာ မနေ့က မိုးအဆက်မပြတ်ရွာသွားတာကြောင့် မော်လမြိုင်အောက်ပိုင်း သီရိမြိုင်၊ ဇေယာမြိုင်၊ ရွှေပြည်စိုး၊ လှိုင်၊ သာယာအေး အကုန်လုံးရေမြုပ်တယ်” လို့ မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးဥက္ကဋ္ဌ ကိုဇင်မိုး ကပြောပါတယ်။
ရေနစ်မှုကြောင့် မော်လမြိုင်မြို့အောက်ပိုင်းရပ်ကွက်တွေအကုန် ရေမြုပ်မှုဖြစ်ပေါ်ခဲ့သည့်အနက် အိမ်ထောင်စု ၂၀၀၀ ကျော် ရေကြီးနစ်မြုပ်မှုဒဏ်အား တွေ့ကြုံခံစားရကြောင်း ကိုဇင်မိုးကပြောပါတယ်။
“အောက်ပိုင်းရပ်ကွက်တွေ အကုန်မြုပ်တယ်၊ အိမ်ထောင်စုနှစ်ထောင်လောက်ရှိမယ်၊ လူဦးရေအနေနဲ့ကတော့ သုံးလေးထောင်လောက်ဖြစ်သွားမယ်၊ ခုလောလောဆယ်မှာတော့ သီရိမြိုင်လူဦးရေ တစ်ထောင်လောက်ရှိ မယ်၊ ဇေယာမြိုင်၊ ရွှေပြည်စိုး၊ လှိုင်၊ သာယာအေး တော်တော်များတယ်၊ တစ်မြို့နယ်မှာဆိုရင် နှစ်ထောင်၊ နှစ်ထောင်ငါးရာလောက်ရှိမယ်” လို့ မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။
ရေဘေးသင့်ပြည်သူများကို လက်ရှိမှာ ယာယီစောင့်ရှောက်ရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်ပေး လျှက်ရှိကြောင်း သိရပါတယ်။
#PeopleMedia #မော်လမြိုင်မြို့ #ရေနစ်မြုပ်မှု
(unicode)
………………………………………………………………………