ရွေးကောက်ပွဲအပြီး မဲပေးခွင့်ရှိသူစာရင်း နှစ်ကြိမ်ထုတ်ပြန်ရာ၌ မဲပေးခွင့်ရှိသူ တစ်သန်းကျော်ကွာဟမှုသည် နောက်ဆုံးထုတ်ပြန်သည့် ၃၈ သန်းသည် အမှန်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာဖော်ပြ
PUBLISHED - December 2, 2020
ရန်ကုန်၊ ဒီဇင်ဘာ – ၂
၂၀၂၀ ရွေးကောက်ပွဲအပြီး မဲပေးခွင့်ရှိသူစာရင်းကို UEC က နှစ်ကြိမ်ထုတ်ပြန်ရာ၌ မဲပေးခွင့်ရှိသူ တစ်သန်း ကျော် ကွာဟမှုသည် နောက်ဆုံးထုတ်ပြန်ခဲ့သည့် (၃၈၂၇၁၄၄၇) ဦးသည် စာရင်းအမှန်ဖြစ်ကြောင်း နိုင်ငံ ပိုင်မီဒီယာက ဒီဇင်ဘာ(၁)ရက်နေ့၌ သတင်းထုတ်ပြန်လိုက်သည်။ UEC သည် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ(၁၀)ရက်နေ့၌ မဲပေးခွင့်ရှိသူ ဦးရေ ထုတ်ပြန်ရာ၌ (၃၇၂၆၈၈၇၆) ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတူ UEC သည် နိုဝင်ဘာ(၃၀)ရက်နေ့၌ မဲပေးခွင့်ရှိသူ စာရင်းထုတ်ပြန်ရာ၌ မဲပေးခွင့်ရှိသူဦးရေ (၃၈၂၇၁၄၄၇) ဦးရေ ရှိကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ ထိုသို့ နှစ်ကြိမ်ထုတ်ပြန်ရာ၌ မဲပေးခွင့်ရှိသူ တစ်သန်းကျော် ကွာဟချက် ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ မဲစာရင်း တစ်သန်းကျော် ကွာဟချက်ကြောင့် UEC ၏ ဆောင်ရွက်ချက်အပေါ် နိုင်ငံရေးပါတီများက ဝေဖန်ခဲ့ကြသည်။ ထိုသို့ ဝေဖန်ချက်များ ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာ(၁)ရက်နေ့၌ နောက်ဆုံးထုတ်ပြန်ခဲ့သည့် မဲပေးခွင့်ရှိသူ (၃၈၂၇၁၄၄၇)ဦးသည် အမှန်ဖြစ်ကြောင် နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ မဲစာရင်း တစ်သန်းကျော် စာရင်းကွာဟချက်နှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာ၏ ရှင်းလင်းချက်၌ မဲဆန္ဒရှင်စာရင်းမှာ အောက်တိုဘာ(၁)ရက်မှ (၁၄)ရက်အထိ ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း စုစုပေါင်းမှ ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုရသေးသော အခြေခံမဲဆန္ဒရှင်စာရင်းသာဖြစ်ကြောင်း ရှင်းလင်းထားသည်။