လော့ခ်ဟိမာတင်ကုမ္ပဏီက အမေရိကန်ကြည်းတပ်ထံ ဟိုက်ပါဆောနစ်လက်နက်စနစ်ပေးပို့
PUBLISHED - October 14, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)
အမေရိကန်ကြည်းတပ်သည် ဘက်ထရီဆက်စပ်ပစ္စည်းများ၊ ဒုံးပစ်စင်လောင်ချာများနှင့် အဆင့်မြှင့်ထားသော ထရပ်ကားများ၊ နောက်တွဲယာဉ်များအပါအဝင် လော့ခ်ဟိမာတင်ကုမ္ပဏီကထုတ်လုပ်သည့် တာဝေးပစ် ဟိုက် ပါဆောနစ် လက်နက်စနစ် (LRHW) ကို လွန်ခဲ့သည့်သီတင်းပတ်ကလက်ခံရရှိခဲ့သည်။
ဆော့ဖ်ဝဲလ်များမပါဝင်သေးသည့် လက်နက်ပစ္စည်းများကို ယခုနှစ် မတ်လအတွင်းက စတင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမှတ် ၅ တပ်ရင်း၊ အမှတ် ၃ စစ်မြေပြင်အမြောက်တပ်ရင်းနှင့် အမှတ် ၁၇ စစ်မြေပြင်အမြောက်တပ်မတို့တွင် ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ယင်းလက်နက်စနစ်ကို အပြည့်အစုံလက်ခံရရှိသွားမည်ဖြစ်သည်။
တာဝေးပစ်ဟိုက်ပါဆောနစ်လက်နက်စနစ် (LRHW) ပေးပို့ခြင်းပြီးစီးမှုကို အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး ဟိုက် ပါဆောနစ်လက်နက်များတပ်ဆင်ရာတွင် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ဟိုက်ပါဆောနစ် လက်နက်များ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နီရယ်လ်သာဂွဒ်ကပြောသည်။
ယခု တာဝေးပစ်ဟိုက်ပါဆောနစ်လက်နက်စနစ် (LRHW) ပေးပို့မှုမှာ လော့ခ်ဟိမာတင်ကုမ္ပဏီက လွန်ခဲ့သည့် နှစ်နှစ်ကပြီးစီးခဲ့သည့် ဒေါ်လာ ၃၄၇ သန်းတန် ပေါင်းစပ်စီမံကိန်းစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် မြေပြင်အခြေစိုက် ဟိုက်ပါဆောနစ်ဒုံးကျည်ပုံစံတူကိုလည်း ထုတ်လုပ်ပေါင်းစပ်ပေးရမည်ဖြစ်သည်။
ပုဂ္ဂလိကကုမ္ပဏီများအဖွဲ့တစ်ခုကို ဦးဆောင်နေသည့် လော့ခ်ဟိမာတင်ကုမ္ပဏီသည် စီမံကိန်းလုပ်ငန်းတွင် Army Rapid Capabilities နဲ့ Critical Technologies Office ၏ အစိတ်အပိုင်းဖြစ်သည့် အမေရိကန်ကြည်း တပ်ဟိုက်ပါဆောနစ်ဌာနနှင့် ပူးတွဲဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကုမ္ပဏီများတွင် Dynetics၊ General Atomics၊ General Dynamics၊ i3၊ Moog၊ Northrop Grumman၊ Penta Research၊ Raytheon နှင့် Verity Integrated Systems တို့ပါဝင်သည်။
Conventional Prompt Strike ပရိုဂရမ်အရ အမေရိကန်ကြည်းတပ်၏ တာဝေးပစ်ဟိုက်ပါဆောနစ်လက်နက် စနစ် (LRHW) နှင့် အမေရိကန်ရေတပ်၏ ဟိုက်ပါဆောနစ်တိုက်ခိုက်ရေးစနစ်သည် ဒုံးကျည်အရှိန်မြှင့်တွန်းကန် စက် Common Hypersonic Glide Body (CHGB) ကို အတူတူရရှိကြမည်ဖြစ်သည်။
Ref: Lockheed Delivers Hypersonic Weapon Launchers to US Army
#PeopleMedia
(unicode)
…………………………………………………………………….
Ref: Lockheed Delivers Hypersonic Weapon Launchers to US Army
#PeopleMedia