အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်ရောင်းချရာတွင် တရားမဝင်ငွေကြေးလွှဲပြောင်းမှုများကို စိစစ်ဖော်ထုတ်ရန် ဘဏ်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူများထံ ဗဟိုဘဏ်အကြောင်းကြား
PUBLISHED - August 16, 2021
ရန်ကုန်၊ သြဂုတ် ၁၆ (People Media)
အောင်လံလွှင့်ချီနွေဦးထီဖွင့်လှစ်ရောင်းချရာတွင် ဆောင်ရွက်နိုင်သည့် တရားမဝင် ငွေကြေးလွှဲပြောင်းမှုများကို စိစစ်ဖော်ထုတ်ရန် ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်ငွေကြေးဝန်ဆောင်မှုပေးသူများထံ မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြောင်းကြားထားသည်။
အဆိုပါ တရားမဝင်ထီလုပ်ငန်းသည် နိုင်ငံတော်အစိုးရမှ တရားဝင်ဖွင့်လှစ်လျက်ရှိသော အောင်ဘာလေထီ ကဲ့သို့ လုံခြုံရေးအဆင့်အတန်းပါရှိသည့် စာရွက်စာတမ်းများ အသုံးပြုပုံနှိပ်၍ ဖြန့်ဖြူးရန် အခက်အခဲရှိခြင်း၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အခက်အခဲရှိခြင်း၊ အခြားလိုအပ်ချက်များကြောင့် Paper Lottery စနစ် ဆောင်ရွက်နိုင်ဖွယ်မရှိဘဲ Online မှ တစ်ဆင့် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ပုဂ္ဂလိက ဘဏ်များ၏ Online Banking စနစ်ကို အသုံးပြု၍ ဘဏ်စာရင်းများအချင်းချင်း၊ ပြည်တွင်းငွေလွှဲပေးချေမှုများ၊ Digital Paymentနှင့် Mobile Financial Service Provider (MFS) များအား အသုံးပြု၍ လွှဲပြောင်းပေးချေ မှုများ ဆောင်ရွက်လာနိုင်ကြောင်း အကြောင်းကြားစာအရ သိရသည်။
သို့ဖြစ်၍ ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန် ဆောင်မှုပေးသူများအနေဖြင့် အဆိုပါကိစ္စနှင့်ပက်သက်၍ ဘဏ်များ၏ နေ့စဉ်ငွေလွှဲပြောင်းဆောင်ရွက်ခြင်းတွင် ငွေလွှဲပြောင်းပေးချေရသည့် အကြောင်းအရင်း အပြည့်အစုံ၊ ငွေလွှဲသူစာရင်းအမှတ်၊ လက်ခံသူစာရင်းအမှတ်၊ ငွေသားပမာဏစသည့်အချက်အလက်များ စိစစ်ရန် မည်သည့် Online စနစ်ဖြင့်မဆို ပေးချေမှုများတွင် သတင်း အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းရန် ဗဟိုဘဏ်မှ အကြောင်းထားသည်။
အထူးသဖြင့် CRPH နှင့် NUG မှ ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီအတွက် တရားမဝင် ငွေလွှဲပြောင်းမှု များကို သေချာစွာ စောင့်ကြည့်ကြီးကြပ်ရန်နှင့် တွေ့ရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ဗဟိုဘဏ်တို့ထံ အကြောင်းကြားရမည်ဖြစ်ပြီး၊ အကြောင်းကြားရန် ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြောင်းကြားခဲ့သည်။
#PeopleMedia #NUG #ထီ
(unicode)
………………………………………………………….