မြွေကျွန်းပေါ်မှာ ယူကရိန်းစစ်သည်များ ကျဆုံးသွားခြင်းမဟုတ်ဘဲ ခဲယမ်းကုန်သွားသဖြင့် လက်နက်ချခဲ့ရခြင်း ဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များပြော

PUBLISHED - March 15, 2022
နိုင်ငံတကာ၊ မတ် ၁၅
ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်တုန်းက ယူကရိန်းပိုင် မြွေကျွန်းပေါ်ကနေ ရုရှားတပ်တွေကို အသေခံတိုက်ခိုက် ခဲ့တယ်ဆိုတဲ့သတင်းဟာ မဟုတ်ဘဲ အဲဒီကျွန်းပေါ်မှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ Maxar Technologies က တနင်္ဂနွေနေ့က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ ရုရှားတပ် တွေရဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ကျွန်းပေါ်ကအဆောက်အဦတချို့နဲ့ ပင်လယ်နက်ထဲမှာကျောက် ချ ရပ်နားထားတဲ့ ရုရှားရေတပ်သင်္ဘောတွေပုံတွေကို ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။
စစ်ပွဲအစပိုင်းသတင်းတွေအရတော့ အဲဒီမြွေကျွန်းနားကို ရုရှားတပ်တွေရောက်လာပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေ ကို လက်နက်ချဖို့တောင်းဆိုရာမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက လက်နက်မချခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ကနဦးက ခုခံတိုက်ခိုက်တဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေ ကျဆုံးသွားပြီး အဲဒီတပ်ဖွဲ့ဝင်တွေကို ယူကရိန်းသမ္မတဗလာဒီ မာဇီလန်စကီးက ယူကရိန်းနိုင်ငံရဲ့ ရဲစွမ်းသတ္တိစွမ်းရည်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီယူကရိန်းတပ်ဖွဲ့ဝင်တွေ ကျဆုံးခြင်းမရှိဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပြီး စစ်သုံ့ပန်းအဖြစ် အဖမ်းခံ ခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြွေကျွန်းပေါ်မှာရှိတဲ့ ခံတပ်စခန်းက ယူကရိန်းစစ်သည်တွေဟာ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကို နှစ်ကြိမ်တိုင် တိုင် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာ ခဲယမ်းကုန်သွားတဲ့အတွက် လက်နက်ချခဲ့ ရတာဖြစ်တယ်လို့ ယူကရိန်းရေတပ်က ပြောပါတယ်။
ရုရှားတပ်တွေဟာ မီးပြတိုက်တွေ၊ တာဝါတွေနဲ့ အန်တာနာတွေအပါအဝင် ကျွန်းပေါ်မှာရှိတဲ့အခြေခံအဆောက် အအုံတွေကို ဖျက်ဆီးခဲ့ကြောင်း၊ အပျက်အစီးတချို့ကို လတ်တလောရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့မြင်နိုင်ကြောင်း ယူကရိန်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ ရုရှားအမြောက်ကျည်ထိမှန်ပြီး အနီရောင်အမိုးတွေပျက်စီးနေတဲ့ အဆောက်အဦတွေ ကို တွေ့မြင်နေရပါတယ်။ မြွေကျွန်းရဲ့အစိတ်အပိုင်းတွေကို နှင်းတွေဖုံးအုပ်ထားပေမဲ့လည်း အမြောက်ဒဏ်ထိထားလို့ ဖြစ်ပေါ်နေတဲ့ ချိုင့် ကြီးတွေကို ကျွန်းပေါ်မှာမြင်တွေ့နေရပါတယ်။
ကျွန်းနဲ့အလှမ်းဝေးတဲ့ရေပြင်မှာရပ်ထားတဲ့ သင်္ဘောကတော့ ရုရှားရေတပ်က ရိုပူချာအဆင့် ကမ်းထိုးရေယာဉ် ဖြစ်ကြောင်း ဂြိုဟ်တုဓာတ်ပုံတွေအရသိရပါတယ်။
ဇမီညီကျွန်းလို့လည်း လူသိများတဲ့ မြွေကျွန်းဟာ ယူကရိန်းပင်မကုန်းမြေနဲ့ ၄၈ ကီလိုမီတာကွာဝေးတဲ့နေရာမှာ တည်ရှိပြီး ပင်လယ်နက်ရဲ့အနောက်မြောက်ဘက် အစွန်းမှာတည်ရှိနေတဲ့ကျွန်းဖြစ်ပါတယ်။
အဲဒီကျွန်းဟာ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံက ယူကရိန်းဆီကသိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့အနောက် ဘက် ၂၉၇ ကီလိုမီတာ အကွာအဝေးမှာတည်ရှိပါတယ်။
အဲဒီကျွန်းလေးဟာ အရွယ်အစား ၁၈ ဟက်တာသာ ရှိပေမဲ့လည်း ပင်လယ်နက်ထဲမှာ ယူကရိန်းနိုင်ငံရဲ့ ရေ ကြောင်းပိုင်နက်ပိုင်ဆိုင်မှုအတွက် အဓိက ကျွန်းတစ် ကျွန်းဖြစ်ကြောင်း ဘက်မလိုက်အတ္တလန်တစ်ကောင်စီ အကြံပေးအဖွဲ့က လွန်ခဲ့တဲ့နှစ်က အစီရင်ခံစာမှာထည့် သွင်းပြောဆိုခဲ့ပါတယ်။
Ref: Damage to Snake Island, where Ukrainian troops sent defiant message to Russian warship, seen in satellite photo
(unicode)
……………………………………..
Ref: Damage to Snake Island, where Ukrainian troops sent defiant message to Russian warship, seen in satellite photo