မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ ထပ်မံ စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန ထုတ်ပြန်

PUBLISHED - December 29, 2021
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉ (People Media)
ယခုလတ်တလော ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် စစ် အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် မိမိတို့ စိုးရိမ်မိပါသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ယနေ့တွင် ထပ်မံ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်တွင် ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအပေါ် အမေ ရိကန်ပြည်ထောင်စုမှ ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ရေးသားထားသည်။
အနည်းဆုံး လူ ၃၅ ဦးခန့် သေဆုံးခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children အဖွဲ့မှ ဝန်ထမ်း နှစ်ဦးလည်း ပါဝင်ပြီး အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများကို ပစ်မှတ်ထား ခြင်းကို လက်ခံနိုင်စရာမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်သူများအပေါ် စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များသည် စစ်တပ် တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေ၍ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့် အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ရန်လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည်ဟု ဖော်ပြပါရှိ သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤရည်မှန်းချက်အတိုင်းဆက်လက်အကောင်အထည်ဖော်ရန်နှင့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံး နည်းပညာများအား စစ်တပ်သို့ရောင်းချမှုရပ်ဆိုင်းခြင်း ကဲ့သို့သော မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ယင်းသို့ အနောက်နိုင်ငံများ၏ ထုတ်ပြန်ချက်များမှာ အခြေအမြစ်မရှိသည့်သတင်းများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တုံ့ပြန်ပြောဆိုထားသည်။
ဝလုံး(EPN)
#PeopleMedia #EPN #အမေရိကန်_မြန်မာ
(unicode)
………………………………………………………….