မြဝတီမြို့၊ ABSDF ဆက်ဆံရေးရုံးရှိ တာဝန်ခံ လေးဦး မနေ့က ဖမ်းဆီးခံရ

PUBLISHED - November 3, 2021
နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့၏ ကရင်ပြည်နယ်၊ မြဝတီမြို့ ပြည်သူ့ဆက်ဆံရေး တာဝန်ရုံးရှိသော တပ်ဖွဲ့ဝင်လေးဦးသည် နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခြင်းခံလိုက်ရ ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ABSDF ရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သည်မှာ မှန်ကန်သော်လည်း ဖြစ်စဉ်အသေး စိတ်အား သိရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောပါတယ်။
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့က လာပြီးတော့ ဖမ်းခေါ်သွားတာ ကိုအောင်ဘော်၊ ကိုခင်မောင်ဝင်း၊ ကို တင်စိုးနဲ့ အခြား တပ်ဖွဲ့ဝင်လေးဦးလောက်ပါသွားတယ်လို့သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်မျိုးဝင်းကို People Media က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားမှုမရှိပါ။
ABSDF သည် အစိုးရနှင့် တစ်နိုင်ငံလုံးအဆင့်ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
Photo – ABSDF
#PeopleMedia #ABSDF #မြဝတီ
(unicode)
………………………………………………………..
Photo – ABSDF