(၁၀) ကြိမ်မြောက်သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်တွင် စာရင်းပေးထားသူ ၁၃၀၀ ထိရှိလာ

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
(၁၀)ကြိမ်မြောက်သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော်တွင် စာရင်းပေးထားသူ ၁၃၀၀ ရှိလာပြီ ဖြစ်ကြောင်း သီတဂူစက္ခုဒါနဆေးရုံမှ သိရသည်။
(၁၀) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင် များအား ကြည့်ရှုစစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျက်စိဝေဒနာရှင်များသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်(ရုံးခန်း)တွင် လူကိုယ်တိုင် သို့မဟုတ် မျက်စိ ဝေဒနာရှင်ကိုယ်စား အခြားတစ်ဦးတစ်ယောက်က ဖြစ်စေ၊ အမည်၊ အဖအမည်၊ နေရပ်လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များပေး၍ (နေ့စဉ် နံနက် ၇ နာရီမှ ၁၁ နာရီ၊ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအတွင်း) စာရင်းပေးသွင်းခဲ့ကြရာ ယခုရက်ပိုင်းအထိ စာရင်းပေးထားသူ ၁၃၀၀ ဦးခန့်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်မျက်စိအလင်းအလှူကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင် ကုသပေးရန် ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက အမိန့်ရှိထားကြောင်း၊ မျက်စိစမ်းသပ်ပေးမည့်ရပ်ကို ထက်မံ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia