(၁၅၂) ကြိမ်မြောက် အင်းတော်ကြီးဒေသသမိုင်းဝင်ရွှေမဉ္ဇူရေလယ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မကျင်းပရန် ဆုံးဖြတ်

PUBLISHED - January 11, 2021
အင်းတော်ကြီး၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ ရွှေမဉ္ဇူရေလယ်ဘုရားကြီး၏ (၁၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မကျင်းပရန် ဆရာတော်သံဃာတော်များနှင့် ရပ်မိရပ်ဖများက ဆုံးဖြတ်ခဲ့ကြသည်။
ရွှေမဉ္ဇူရေလယ်ဘုရားကြီး၏(၁၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေး၊ မကျင်းပရေးနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၀ ရက်နေ့ နေလည် ၁၂ နာရီအချိန် အင်းတော်ကြီးရွှေမဉ္ဇူဆရာတော်ကျောင်းတိုက်၌ အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ကိုဗစ်ကပ်ရောဂါကြောင့် ၁၉ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲလည်း မကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
“၂၀၂၁ ခုနှစ် ၁၅၂ ကြိမ်မြောက် ရွှေမဉ္ဇူရေလည်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကိုတော့ ဒီနှစ်မှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါအခြေနေကြောင့် မကျင်းပဖြစ်တော့ဘူး ရွှေမဉ္ဇူရေလည်ဘုရားဆွမ်းတော်ကြီးကပ်ပွဲကိုတော့ ဒီမှာ ရှိတဲ့ဆရာတော်နဲ့ဂေါပကအဖွဲ့များက အကျဉ်းချုံးပဲ ရိုးရာမပျက်ပဲပြုလုပ်သွားတော့မယ်” လို့ ဂေါပက ဦးလူဝင်း ကပြောသည်။
အင်းတော်ကြီးဒေသ သမိုင်းဝင်ရွှေမဉ္ဇူဗုဒ္ဓပူဇနိယရေလယ်ဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားကို နှစ်စဉ် မတ်လ ၁ ရက် မတ်လ ၈ ရက် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။
လက်ရှိအချိန်၌ အင်းတော်ကြီးဒေသရွှေမဉ္ဇူရေလည်ဘုရားမှ နှစ်စဉ်ရရှိသော အလှူငွေများကို မြန်မာ့စီးပွားရေး ဘဏ်တွင် ကျပ်သိန်းပေါင်းနှစ်သောင်းလေးထောင်ကျော်ခန့်အပ်နှံထားသည်။
နေကြာ/မောင်မောင်(ကချင်မြေ)
#PeopleMedia #အင်းတော်ကြီးဒေသရွှေမဉ္ဇူရေလည်ဘုရား
(unicode)
…………………………………………………………..