၂၀၂၀ ရွေးကောက်ပွဲကိုစည်းကမ်းမဲ့စွာဖြင့်ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ် စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ဟု နစကဥက္ကဋ္ဌ ပြောဆို

PUBLISHED - August 9, 2023
နေပြည်တော်၊ ဩဂုတ် ၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဖြင့်ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊ ယမန်နေ့က နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ထို့သို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏အခြေအနေအရ သက်တမ်း ထပ်မံတိုးမြှင့်သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များကို မှာ ကြားလိုခြင်းကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦး တည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်းဖြင့် ပြောသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထားသည့် ဦးတည်ချက် ၉ ရပ်ကို ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟုချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ပါတီစုံဒီမိုကရေစီစနစ်သည် စစ်မှန်ပြီးစည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရန်လိုကြောင်း၊ အဆိုပါစနစ်ကို ကျင့်သုံးရာတွင် အစိုးရတစ်ရပ် (သို့မဟုတ်) နိုင်ငံကိုဦးဆောင်သည့် သမ္မတ၊ ဝန်ကြီးချုပ်တို့က ဦးဆောင်အကောင်အထည်ဖော်ရခြင်းပင်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “စစ်မှန်စည်းကမ်းပြည့်ဝသည့်” ဟူသည့်စကားရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ထည့်သွင်းထားရခြင်းမှာ ဒီမိုကရေစီစနစ်ကို စည်းကမ်းပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် ဖြစ် ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့ စွာဖြင့်ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောဆိုသည်။
ဆက်လက်ပြီး ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက ဆောင် ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လို ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia