၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး ယဉ်လတ်မှာ အပြစ်မရှိတဲ့အတွက် တရားရုံးချုပ်က တရားသေလွတ်ပြီး ဖမ်းဝရမ်း ပြန်လည်ရုပ်သိမ်း
PUBLISHED - March 5, 2024
နိုင်ငံတကာ၊ မတ် ၅
၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်မှာ အကျင့်ပျက်ခြစားမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရားခံပြေး ထိုင်းဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ်ထရာကို အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့်ချလိုက်ပြီး တရားသေလွှတ်လိုက်တဲ့အတွက် ယဉ်လတ်အတွက်ထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
ယဉ်လတ်အာဏာရစဉ်အတွင်း ၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်နဲ့ပတ်သက်ပြီး အဂတိလိုက်စားခဲ့ကြောင်း ယဉ်လတ်နဲ့ အပေါင်းအပါငါးဦးကို စွဲချက်တင်ထားတာကို ထိုင်းတရာရုံးချုပ်က တနင်္လာနေ့က တညီတညွတ် တည်း ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ယဉ်လတ်နဲ့အတူ အပြစ်မရှိကြောင်းဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တဲ့ အပေါင်းအပါ ငါးဦးကတော့ ဒုတိယဝန်ကြီးချုပ်ဟောင်း နီဝါသမ်ရောင်းဘွန်ဆောင်ဖိုင်ဆန်၊ ဝန်ကြီးချုပ်အတွင်းရေးမှူးဟောင်း ဆူရာနန် ဗက်ဂျာဂျီဗာ၊ မာတီချွန်ကုမ္ပဏီ၊ Siam Sport Syndicate ကုမ္ပဏီနဲ့ Siam Sport ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြား ရေးမှူး ရာဝိလိုသန်တို့ဖြစ်ပါတယ်။
ယဉ်လတ်အပေါ်ချမှတ်ထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းရာမှာ စီမံချက်အသစ်တစ်ခုအတွက် ရန်ပုံငွေ ဖြည့်ဆည်းပေးဖို့ အသုံးပြုတဲ့ ဗဟိုအစိုးရဘတ်ဂျက်ဟာ ယဉ်လတ်တစ်ယောက်တည်းက ဆန်းစစ်တာမဟုတ် ဘဲ တခြားအစိုးရအဖွဲ့အစည်းတွေကပါ ဆန်းစစ်အကဲဖြတ်တာဖြစ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီဘတ်ဂျက်ကိုလည်း လွှတ်တော်ထဲမှာ အစစ်ဆေးခံကြေညာထားတဲ့အတိုင်း အစိုးရမူဝါဒတွေနဲ့ အညီအသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ယဉ်လတ်၊ နီဝါသမ်ရောင်းနဲ့ ဆူရာနန်တို့ဟာ လူထုဆက်ဆံရေးစီမံချက်တစ်ခုနဲ့ပတ်သက်ပြီး မာတီချွန်ကုမ္ပဏီ နဲ့ Siam Sport ကုမ္ပဏီတို့ကို ဥပဒေအရ မလျော်ညီတဲ့နည်းလမ်းတွေနဲ့ ကူညီခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်က အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးစီမံချက်အတွက် တင်ဒါမခေါ်ဘဲ အဲဒီကုမ္ပဏီနှစ်ခုကန်ထရိုက်ရအောင် ထောက်ခံပေးခဲ့တဲ့ အတွက် နိုင်ငံအတွက် ဘတ်ငွေ ၂၃၇.၇ သန်း ဆုံးရှုံးနစ်နာအောင် ယဉ်လတ်နဲ့ အပေါင်းအပါငါးဦးက လုပ် ဆောင်ခဲ့တယ်လို့ စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။
ယဉ်လတ်၊ နီဝါသမ်ရောင်းနဲ့ ဆူရာနန်တို့ဟာ စီမံချက်အတွက်ရန်ပုံငွေတွေရဖို့ ထောက်ခံပေးခဲ့ကြောင်း၊ စီမံချက် အကောင်အထည်မဖော်မီ ကြားဝင်ဆောင်ရွက်ကြောင်း၊ အဲဒီကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့ကြောင်း သက်သေပြဖို့ အတွက် ဘာအထောက်အထားမှ မရှိဘူးလို့ တရားရုံးချုပ်က ပြောပါတယ်။
၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အဲဒီကိစ္စကို ကော်မတီတစ်ရပ်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမဲ့ လည်း ဥပဒေနဲ့မညီဘဲဆောင်ရွက်ထားတာ ဘာတစ်ခုမှ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
ပြည်ပြေးဘဝနဲ့ နေထိုင်နေတာ ၁၀ နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ယဉ်လတ်ကို မကြာသေးခင်ကပဲ ဆန်ဈေးနှုန်း မြှင့်တင်ပေးမယ်ဆိုပြီး စွဲချက်တင်ထားတဲ့အမှုနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပါတယ်။
Ref: Ex-PM Yingluck’s warrant revoked as court throws out 2020 corruption allegation
#PeopleMedia