၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံး ထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း အကြိမ် ၁၃၀ ကျူးလွန်ခဲ့
PUBLISHED - February 1, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီး ခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ မလွှကုန်းမှ မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပိန်းဇလုပ်ဘူတာမှ ယမန်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ပိန်းဇလုပ်ဘူတာနှင့် ကျောက် တံခါးဘူတာအကြား မိုင်တိုင် အမှတ် ၁၀၃/၁၂ – ၁၃ အကြားရထား ခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၄၂ မိနစ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်း နောက်ကပ်လျက် ကုန်တွဲသုံးတွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှပုံမှန် ထွက်ခွာလာသော အမှတ်(၁၁) အဆန် လူစီးရထားသည် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်ညောင် လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး မြန်မာ့မီးရထားက ခရီး သည် ၂၀၈ ဦးအား မော်တော်ယာဉ်ခုနစ်စီး ဖြင့် တောင်ငူဘူတာသို့ ပို့ဆောင်ပေးခဲ့ သည်။ ထို့အပြင် မန္တလေးမှ ထွက်ခွာလာသည့် အမှတ် (၁၂) အစုန်ရထား သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ငူဘူတာသို့ ရောက်ရှိခဲ့ရာ ညောင်လေးပင်မှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးဘက်သို့ အမှတ် (၁၁) အဆန်ရထားအဖြစ် ပြန်လည်ထွက်ခွာပို့ဆောင်ပေးခဲ့သည်။ တောင်ငူ ဘူတာသို့ရောက်ရှိနေသည့် အမှတ်(၁၂)အစုန်ရထားနှင့် အမှတ်(၂)အစုန်ရထား တို့ဖြင့် လိုက်ပါလာသည့် ခရီးသည် ၂၅၂ ဦးအား ညနေ ၄ နာရီတွင် မော်တော်ယာဉ် ရှစ်စီးဖြင့် ညောင်လေးပင်ဘူတာသို့ ပို့ဆောင်ပေးပြီး အဆိုပါဘူတာမှ ရန်ကုန်သို့ အမှတ်(၁၂)အစုန် ရထားဖြင့် ည ၈ နာရီတွင် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအားမတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်မွမ်းမံ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန် စေရေးအတွက်ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက် ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွား လာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင်ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသည်။
#PeopleMedia