၂၀၂၃ ခုနှစ်အတွက် ဗီယက်နမ် GDP ဒေါ်လာ ဘီလျံ ၄၃၀ ကျော်နဲ့ ဒေသတွင်း ပဉ္စမချိတ်

PUBLISHED - March 14, 2024
နိုင်ငံတကာ၊ မတ် ၁၄
ဗီယက်နမ်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် GDP (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ဟာ အမေရိကန်ဒေါ်လာ ၄၃၃.၃ ဘီလျံရှိ ပြီး အဲဒီပမာဏဟာ အရှေ့တောင်အာရှမှာ ပဉ္စမမြောက်အမြင့်ဆုံးဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဗီယက်နမ် GDP ဟာ ဒေါ်လာ ၄၃၃.၃၅ ဘီလျံရှိတဲ့ မလေးရှားနဲ့ အဆင့်အတူတူဖြစ်ပြီး အဲဒီနောက်မှာ မြန်မာက ဒေါ်လာ ၇၄.၉ ဘီလျံ၊ ကမ္ဘောဒီးယားက ဒေါ်လာ ၃၀.၉ ဘီလျံ၊ ဘရူနိုင်းက ဒေါ်လာ ၁၅.၁ ဘီလျံ၊ လာအိုနိုင်ငံက ဒေါ်လာ ၁၄.၂ ဘီလျံနဲ့ အရှေ့တီမောက ဒေါ်လာ ၂ ဘီလျံဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အရှေ့တောင်အာရှတစ်ခုလုံးရဲ့ GDP ဟာ ဒေါ်လာ ၃.၈၆ ထရီလီယန်ဖြစ်ကြောင်း IMF က ပြောပါ တယ်။
ဒေသတွင်းမှာ အင်ဒိုနီးရှားနိုင်ငံက GDP ဒေါ်လာ ၁.၄၂ ထရီလီယန်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ထိုင်းနိုင်ငံက ဒေါ်လာ ၅၁၂ ဘီလျံနဲ့ ဒုတိယ၊ စင်္ကာပူက ဒေါ်လာ ၄၉၇ ဘီလျံနဲ့ တတိယ၊ ဖိလစ်ပိုင်က ဒေါ်လာ ၄၃၅ ဘီလျံနဲ့ စတုတ္ထဖြစ်ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်အတွက် တစ်ကမ္ဘာလုံးရဲ့ GDP က ဒေါ်လာ ၁၀၄.၅ ထရီလီယန်ရှိကြောင်း IMF က ပြောပါတယ်။
ကမ္ဘာတစ်ဝန်း အမေရိကန်ပြည်ထောင်စုက GDP ဒေါ်လာ ၂၆.၉၅ ထရီလီယန်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး တရုတ်နိုင်ငံကတော့ ဒေါ်လာ ၁၇.၇ ထရီလီယန်နဲ့ ဒုတိယ၊ ဂျာမနီက ဒေါ်လာ ၄.၄၃ ထရီလီယန်နဲ့ တတိယ၊ ဂျပန်က ဒေါ်လာ ၄.၂၃ ထရီလီယန်နဲ့ စတုတ္ထ၊ အိန္ဒိယက ဒေါ်လာ ၃.၇၃ ထရီလီယန်နဲ့ ပဉ္စမနေရာက လိုက်ပါတယ်။
ဗီယက်နမ်ဟာ GDP ဒေါ်လာ ၄၃၀ ကျော်ဖြစ်တဲ့အတွက် ကမ္ဘာ့ GDP အဆင့် ၃၅ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက်တော့ ဗီယက်နမ် GDP ဟာ ဒေါ်လာ ၄၆၉ ဘီလျံနဲ့ ပဉ္စမအဆင့်နေရာ ဖြစ်နိုင်ပြီး အင်ဒိုနီး ရှားနိုင်ငံက ဒေါ်လာ ၁.၅၄ ထရီလီယန်နဲ့ ပထမ၊ ထိုင်းနိုင်ငံက ဒေါ်လာ ၅၄၃.၃၅ ဘီလျံနဲ့ ဒုတိယ၊ စင်္ကာပူက ဒေါ်လာ ၅၂၀.၉၇ ဘီ်လျံနဲ့ တတိယ၊ ဖိလစ်ပိုင်က ဒေါ်လာ ၄၇၅.၉၄ ဘီလျံနဲ့ စတုတ္ထဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။
ဗီယက်နမ်စီးပွားရေးအဆင့်ဟာ အနာဂတ်ကာလမှာ တစ်ရှိန်ထိုး ထိုးတက်သွားနိုင်ကြောင်း ဗြိတိန်အခြေစိုက် လွတ်လပ်သော စီးပွားရေးပညာနဲ့ စီးပွာရေးလုပ်ငန်းသုတေသနဌာန (Centre for Economics and Business Research – CEBR) က ပြောပါတယ်။
အထူးသဖြင့် ဗီယက်နမ်ဟာ ၂၀၃၃ ခုနှစ်မှာ GDP ဒေါ်လာ ၁.၀၅ ထရီလီယန်ထုတ်လုပ်နိုင်ပြီး ကမ္ဘာ့အဆင့် ၂၄ ကို ရောက်ရှိလာနိုင်တယ်လို့ CEBR က ပြောပါတယ်။ ၂၀၃၈ ခုနှစ်ဝန်းကျင်လောက်မှာ ထိုင်းနိုင်ငံက ဒေါ်လာ ၁.၃၁၃ ထရီလီယန်၊ စင်္ကာပူက ဒေါ်လာ ၈၉၆ ဘီလျံ၊ ဖိလစ်ပိုင်က ဒေါ်လာ ၁.၅၃၆ ထရီလီယန်နဲ့ ကမ္ဘာ့အဆင့် ၂၅ ထဲကို ဝင်ရောက်သွားနိုင်ပေမဲ့ ဗီယက်နမ်ကတော့ အဲဒီနိုင်ငံတွေကို ကျော်လွန်ပြီး GDP ဒေါ်လာ ၁.၅၆ ထရီလီယန်နဲ့ ကမ္ဘာ့အဆင့် ၂၁ ကို ရောက်ရှိသွားလိမ့်မယ် လို့ CEBR က ခန့်မှန်းထားပါတယ်။
နိုင်ငံတွင်း လူငယ်ဦးရေ များပြားလှတဲ့အားသာချက်ကြောင့် ဗီယက်နမ်နိုင်ငံဟာ ၂၀၄၅ ခုနှစ်ဝန်းကျင်မှာ စင်္ကာ ပူ၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ကျော်လွန်နိုင်တဲ့ အခွင့်အလမ်းကောင်းရှိနေပြီး ဒေသတွင်း ဝင်ငွေမြင့်မား တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်လို့ CEBR က ပြောပါတယ်။
အာဆီယံဒေသတွင်းမှာ ဗီယက်နမ်အပြင် ဖိလစ်ပိုင်နိုင်ငံကလည်း သိသိသာသာ တိုးတက်လာတဲ့အတွက် ၂၀၃၈ ခုနှစ်ဝန်းကျင်မှာ GDP ကမ္ဘာ့အဆင့် ၂၃ ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့တန်ဖိုးပြောင်းလဲမှုတွေ ပြန်လည်နေရာချထားမှု၊ ပြည်တွင်းပြုပြင်ပြောင်းလဲမှု၊ လုပ်သားအင်အားတိုးပွား လာမှု၊ အစိုးရနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာမှုတို့ကြောင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နို်င်ငံတို့ဟာ ကမ္ဘာ့ GDP အဆင့်တွေမှာ တိုးတက်လာမှာဖြစ်တယ်လို့ CEBR က ခန့်မှန်းထားပါတယ်။
Ref: Vietnam’s GDP reaches over $430 billion in 2023, fifth most in Southeast Asia
#PeopleMedia