• Follow Us on

Home ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့များအား ငွေကျပ်သိန်း (၃၉၀၀) ကို ချီးမြှင့်ပေးအပ်

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့များအား ငွေကျပ်သိန်း (၃၉၀၀) ကို ချီးမြှင့်ပေးအပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအား ကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားရုံ(B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်း ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု၊ စုစုပေါင်းဆုတံဆိပ် (၂၄) ခု ရယူပေးနိုင်ခဲ့ ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးရာရောက်သည့် အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့် အတွက် အုပ်ချုပ်သူများ၊ နည်းပြများအပါအဝင် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောသည်။

 

ထိုသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှု များကို ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်းလိုက် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေ ကျပ်သိန်း(၃၀၀)စီ၊ တစ်ဦးချင်းငွေ တံဆိပ်နှင့် အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေ ကျပ်သိန်း(၂၀၀) စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၁၀၀)စီ၊ စုစုပေါင်းငွေကျပ်သိန်း (၃၉၀၀) ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလိုအောင်မြင်မှုရရှိကြသည့် အားကစားသမားများကို နိုင်ငံ တော်အနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနေသကဲ့သို့ အား ကစားမောင်မယ်များအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူပြီး သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် အုပ်ချုပ်နည်းပြများ၏ သွန်သင်ဆုံးမလေ့ကျင့်ပေးမှု များအတိုင်း စည်းကမ်းရှိရှိ၊ အမိန့်နာ ခံမှုအပြည့်အဝနှင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန် စဉ်ဆက် မပြတ် လေ့ကျင့်ဆောင်ရွက်နေကြရန် အထူးမှာကြားလိုကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌ လည်း ဆက်လက်အောင်မြင်မှုရရှိစေရေး မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းသွားကြရန် ထပ်မံ၍အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

 

ယင်းနောက် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားအဖွဲ့များအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ တွင် ရွှေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ဗိုဗီနမ်အားကစားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

#PeopleMedia


Share this post