• Follow Us on

Home ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများစုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများစုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီ ဆေးပြား၊ Happy Water အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်း အဝေး (၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့သည်။

 

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စု တစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့သည် လွန်စွာအရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများသည် လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နှောင့်ယှက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ မှာ အဓိကခြိမ်းခြောက်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး ၃၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 39 ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် (New Drug Policy) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေရုံဖြင့် မပြည့်စုံဘဲ မိမိတို့ဌာနများအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ပေးကြရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း၌ ဆောင်ရွက်လျက်ရှိသည့် စီမံချက်ပါလုပ်ငန်းများ မိမိတို့လုပ်ငန်းအဖွဲ့များအလိုက် ချမှတ်ထားသည့်တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်ပေးကြရန်နှင့် အထူးသဖြင့် လူငယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရန် မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။

 

#PeopleMedia


Share this post