၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ ၁၂၈၇၂၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒဿမ ၈၅ ရာခိုင်နှုန်းရှိ
PUBLISHED - March 13, 2024
နေပြည်တော်၊ မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယမန်နေ့ တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ ခု စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့် လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒဿမ ၈၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ရက်တွင် သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည် ဖြစ်၍ မတ် ၁၇ ရက်အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက် မြန်မာစာစသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia