၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု နစကဒုဥက္ကဋ္ဌ ပြောကြား
PUBLISHED - August 23, 2023
နေပြည်တော်၊ သြဂုတ် ၂၃
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်း ခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်း၊ အထူး သဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦး ရေနှင့်လူမှုစီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်း ကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်း ကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင် စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် (၂၀) အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အဓိက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာန က တင်ပြလာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးရမည့်ကိစ္စရပ်များအပေါ် အချိန်နှင့် တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောသည်။
ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့သော်လည်း ယခု ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံအတွင်းတွင်ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏စွမ်းအား၊ ပြည်သူလူထု၏ပူးပေါင်း ပါဝင်မှုနှင့်ပင် အဓိကဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံ ငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြား သည်။
#PeopleMedia