၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံပြည်ပပို့ကုန်တန်ဖိုး ရည်မှန်းထားသည်ထက် ကျော်လွန်

PUBLISHED - January 24, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ပြည်ပပို့ကုန်ဟာ ၅.၄% အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၃၀၁ ဘီလျံ တန်ဖိုးရှိပို့ကုန်တွေ တင်ပို့ နိုင်ခဲ့တာကြောင့် ချမှတ်ထားတဲ့ ရည်မှန်းချက်ကိုကျော်လွန်ခဲ့ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တပြိုင်တည်းမှာပဲ ၂၀၂၄ ခုနှစ် သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၃၀၇ ဘီလျံရှိတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် ၆.၃% မြင့် တက်ခဲ့သလို ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၆.၂၈ ဘီလျံရှိခဲ့ပါတယ်။
ကုန်ပစ္စည်းသင်္ဘောနဲ့တင်ပို့နိုင်မှုဟာ ထိုင်းဘတ်ငွေ ၁၀ ထရီလီယန်ကျော်တန်ဖိုးရှိကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာ ဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် ပေါင်းပွန်နိုင်ယာနာပါကွန်က ပြောပါတယ်။
လယ်ယာထုတ်ကုန်နဲ့ လယ်ယာထုတ်ကုန်ဆက်စပ်ပစ္စည်း တင်ပို့မှုတန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၅၂.၂ ဘီလျံရှိပြီး ပြီးခဲ့ တဲ့နှစ်ကထက် ၆% မြင့်တက်ခဲ့သလို စက်မှုထုတ်ကုန်ပစ္စည်းတင်ပို့မှု တန်ဖိုး ဒေါ်လာ ၂၃၇ ဘီလျံရှိကာ ၅.၉% မြင့်တက် ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂၄.၈ ဘီလျံရှိပြီး ၈.၇% မြင့်တက်ခဲ့တဲ့အပြင် ခြောက်လဆက်တိုက် အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စုစုပေါင်း သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၄.၈ ဘီလျံရှိပြီး ၁၄.၉% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကုန်သွယ်ရေးမူဝါဒ မသေချာမှုတွေအပေါ် စိုးရိမ်ပူပန်နေပေမဲ့လည်း အဓိက ဈေးကွက်အများစုမှာ စက်မှု ထုတ်ကုန်တွေနဲ့ ကုန်ကြမ်းတွေ အများအပြားတင်ပို့နိုင်ခဲ့တဲ့အတွက် အခုလို ပြည်ပပို့ကုန် မြင့်တက်လာခဲ့တာဖြစ်တယ် လို့ မစ္စတာပေါင်းပွန်က ပြောပါတယ်။
ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်နဲ့ လယ်ယာထွက်ကုန်ဆက်စပ်ပစ္စည်း ပြည်ပတင်ပို့မှုတန်ဖိုးဟာ ဒေါ်လာ ၃.၇၉ ဘီလျံရှိပြီး ၉% မြင့်တက်ခဲ့ပါတယ်။
အဓိကလယ်ယာထွက်ကုန်တွေကတော့ ရော်ဘာ၊ ပီလောပီနန်ထုတ်ကုန်များ၊ ကြက်သားအမျိုးမျိုးနဲ့ ပြုပြင်ထားတဲ့ စည်သွပ်ကြက်သားများ၊ သစ်သီးအမျိုးမျိုးနဲ့ ပြုပြင်ထားတဲ့ စည်သွပ်သစ်သီးများ ပါဝင်ပါတယ်။
ဒီဇင်ဘာလအတွင်း စက်မှုထုတ်ကုန်ပြည်ပတင်ပို့မှုတန်ဖိုးဟာ ဒေါ်လာ ၂၀.၂ ဘီလျံရှိပြီး ၁၁.၁% မြင့်တက်ခဲ့ပါတယ်။ အဓိက စက်မှုထုတ်ကုန်တွေကတော့ ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာ (ရွှေမပါ)၊ ကွန်ပျူတာ၊ ကွန်ပျူတာအစိတ် အပိုင်းများ၊ စက်မှုပစ္စည်းများ၊ လေအေးပေးစက်များ၊ ရော်ဘာထုတ်ကုန်များနဲ့ ဓာတုထုတ်ကုန်များဖြစ်ပါတယ်။
Ref: Ministry says 2024 exports surpassed target
#PeopleMedia