၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
PUBLISHED - March 25, 2024
နေပြည်တော်၊ မတ် ၂၅
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူး ပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြ မည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ တာဝန်ရှိသူများ သာသနာ နုဂ္ဂဟဘွဲ့ တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင် မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်းနှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမနထံဘွဲ့ တံဆိပ် တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ဇနီးက အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ ဇေယျသိင်္ဂီ သီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီနှင့် မုံရွာမြို့၊ ဧသုဝတီသီလရှင် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူ ဇော်ကြသည်။
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဂ္ဂမဟာသီရိသုဓမ္မ မဏိ ဇောတဓရ ဘွဲ့ရရှိသူ ဒေါက်တာမောင်မောင်ဦး၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူ များဖြစ်ကြသည့် ဦးမန်းစိန်နှင့် ဦးဝမ်ရှင်းရွှေတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၄၂၁ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၇ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူ ဒါန်းချီးမြှင့်ခဲ့ပြီး ယမန်နေ့ ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။
#PeopleMedia