• Follow Us on
Latest News

Home ၂၀၂၄ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ၁၄၉ ခုထိရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအားတပ်ချုပ်မှ တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်

၂၀၂၄ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ၁၄၉ ခုထိရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအားတပ်ချုပ်မှ တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် စုစုပေါင်းဆုတံဆိပ် ၁၄၉ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ ၂၀၂၄ ခုနှစ်၊ (၆၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ အလွတ်တန်းအဆင့်ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၁ ဂိုး -ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆၅ ခု၊ ငွေတံဆိပ် ၄၃ ခု၊ ကြေးတံဆိပ် ၄၁ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၄၉ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူအရာရှိနှင့် အားကစားသမားများက လက်ခံရယူခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ဒုတိယအများဆုံးရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(ဒုတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် တတိယအများဆုံးရရှိသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(တတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့်ဇနီး၊ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည် တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post