၂၀၂၅ ခုနှစ် အာရှတိုက်ရဲ့ ပျော်ရွှင်စရာ အကောင်းဆုံးနိုင်ငံအဖြစ် ထိုင်ဝမ်နိုင်ငံ သတ်မှတ်ခံရ

PUBLISHED - March 24, 2025
နိုင်ငံတကာ၊ မတ် ၂၄
၂၀၂၅ ခုနှစ် အာရှတိုက်ရဲ့ ပျော်ရွှင်စရာ အကောင်းဆုံးနိုင်ငံအဖြစ် ထိုင်ဝမ်နိုင်ငံကို သတ်မှတ်လိုက်ကြောင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ (World Happiness Report 2025) မှာ ဖော်ပြထားပါတယ်။
အခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၄၇ နိုင်ငံကို ဆန်းစစ်လေ့လာခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်က အဆင့် ၃၁ ရရှိခဲ့တဲ့ ထိုင်ဝမ်နိုင်ငံဟာ အခုနှစ်မှာ ကမ္ဘာ့အဆင့် ၂၇ ရရှိခဲ့ပြီး အာရှတိုက်ရဲ့ စိတ်ကျေနပ်စရာအကောင်းဆုံးနိုင်ငံအဖြစ်သတ် မှတ်ထားခဲ့ကြတဲ့ စင်္ကာပူကို ကျော်တက်သွားပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နိုင်ငံတစ်နိုင် ငံဖြစ်ကြောင်းလည်း အဲဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် အာရှတိုက်ရဲ့ ပျော်ရွှင်စရာ အကောင်းဆုံးနိုင်ငံဆယ်နိုင်ငံကတော့ ထိုင်ဝမ်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မလေးရှား၊ တရုတ်နဲ့ မွန်ဂိုလီးယားတို့ပဲဖြစ်ပါတယ်။
ဝင်ငွေနဲ့ ကျန်းမာရေးအခြေအနေတွေကို သမရိုးကျကိန်းဂဏန်းအချက်အလက်တွေထက် ကျော်လွန်ပြီး စားပွဲသောက်ပွဲ တွေကျင်းပတာနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုတို့လို အခြေခံအကြောင်းတရားတွေကလည်း ကာယ/စိတ္တ သုခ နှစ်ဖြာအတွက် သြဇာလွှမ်းမိုးမှုရှိကြောင်း အောက်စဖို့ဒ် ကိုယ်စိတ်နှစ်ပါးကြွယ်ဝချမ်းသာမှုသုတေသနစင်တာ ညွှန်ကြားရေး မှူးနဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာရဲ့ အယ်ဒီတာဖြစ်သူ ဂျန်းအီမန်နျူရယ်ဒီနီဗေးက ပြောပါတယ်။
အစားအသောက်တွေ မျှဝေစားသောက်တာ (စားပွဲတွေ ကျင်းပတာ) က ဝင်ငွေကောင်းတာတို့၊ အလုပ်အကိုင်တည်ငြိမ် မှုရှိတာတို့နဲ့ နှိုင်းယှဉ်ရင် ပျော်ရွှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် မေးမြန်းလေ့လာ ချက်အရ သိရပါတယ်။
တခြားသူတွေနဲ့ အတူတကွ မျှဝေစားသောက်လေ့ရှိတဲ့ပုဂ္ဂိုလ်တွေဟာ တစ်ယောက်တည်း ထီးတည်းစားသောက်တတ် တဲ့ပုဂ္ဂိုလ်တွေထက် ဘဝပျော်ရွှင်ကျေနပ်မှု ပိုပြီး မြင့်မြင့်မားမား ရလေ့ရှိတယ်လို့ ဆိုပါတယ်။
“လူမှုရေးအရ အထီးကျန်ဖြစ်နေမှုနဲ့ နိုင်ငံရေးသဘောထားအမြင်မတူမှု မြင့်မားလာတဲ့ ကာလတစ်ခုမှာ အစားအ သောက်တွေ အတူတကွမျှဝေစားသောက်တာဟာ အလွန်အရေးကြီးပါတယ်။
လူတွေကို ညစာစားပွဲကို ပြန်လည်ခေါ် ဆောင်လာတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက်ရော လူမှုအဖွဲ့အစည်းရဲ့ ပျော်ရွှင်မှုအတွက်ရော အင်မတန်အရေးကြီး ပါတယ်။” လို့ ဒီနီဗေးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ အဆင့် ၅၄ ရရှိရာကနေ အခုနှစ်မှာ အဆင့် ၄၆ အထိ တက်လာတဲ့အတွက် တခြား ပျော်ရွှင်ဖွယ်ရာ အာရှတိုက်နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံဟာ ပျော်ရွှင်မှုအဆင့် သိသိသာသာ မြင့်တက်လာခဲ့ တာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အဆင့် ၈၃ ဖြစ်ခဲ့တဲ့ ဗီယက်နမ်ဟာ ၂၀၂၅ ခုနှစ်မှာ အဆင့် ၄၆ ရရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ငါးနှစ်အ တွင်း အဆင့် ၄၀ နီးပါး ကျော်တက်သွားခဲ့တာဖြစ်ပြီး ကမ္ဘာ့အပျော်ဆုံးနိုင်ငံညွှန်းကိန်းထဲမှာ အမြန်ဆုံးအဆင့်ထိုးတက် သွားခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
Ref: Taiwan tops Asia’s happiness index
#PeopleMedia