၂၀၂၅ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၀၀ ကျော်ကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်း မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပ နိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများ ရမယ်ဆိုတဲ့ အလုပ် ခေါ်စာတွေ့လို့ ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံက တစ်ဆင့် မိုင်းလားမြို့ကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး Xiao Mu ရဲ့ Yong Le Gong အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ် အလုပ် လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်း နေ့လယ် ၁၂ နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ ၃ လစာပဲ ရရှိပြီး ကျန်လတွေမှာ လစာ မရခဲ့ပါဘူး။” ဟု ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသား Mr. Qian Le Ping က ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၃၀ ဦး အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
#PeopleMedia