• Follow Us on

Home ၂၀၂၇ ခုနှစ်မတိုင်မီ ထိုင်းစစ်ဗိုလ်ချုပ်ကြီးအရေအတွက် တစ်ဝက်လျှော့ချသွားမည်

၂၀၂၇ ခုနှစ်မတိုင်မီ ထိုင်းစစ်ဗိုလ်ချုပ်ကြီးအရေအတွက် တစ်ဝက်လျှော့ချသွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆

 

ထိုင်းတပ်မတော်မှာ အင်အားလျှော့ချမယ့်အစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဗိုလ်ချုပ်တွေကို သုံးနှစ်အတွင်း အင်အားတစ်ဝက် လျှော့ချသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆုတင် ကလန်ဆန်းက ပြောကြားလိုက်ပါတယ်။

 

ကြာသပတေးည (ဇန်နဝါရီလ ၄ ရက်နေ့ည) က ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမအကြိမ်ဘတ်ဂျက် ဥပဒေကြမ်း စိစစ်ရေး ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း စစ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေရဲ့ ဝေဖန်ပြောကြားမှုကို ပြန်လည် ချေပစဉ် ကာကွယ်ရေးဝန်ကြီး ဆုတင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနမှာ အရေးပါတဲ့ရာထူးနေရာတွေမရှိဘဲ ကျွမ်းကျင်သူတွေအဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ ဗိုလ်ချုပ်ကြီးတွေ ၇၀၀ ကျော်ရှိနေကြောင်း၊ ၂၀၂၇ ခုနှစ်မတိုင်ခင် အဲဒီအင်အားထက်ဝက်ဖြစ်တဲ့ အင်အား ၃၈၀ ကိုလျှော့ချသွားမှာဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကြည်း၊ ရေ၊ လေ အားလုံးပေါင်းလိုက်ရင် ဗိုလ်ချုပ်ကြီးအင်အား ၁၄၀၀ ကျော်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စောလျင်စွာအငြိမ်းစားယူတဲ့အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် မတိုင်ခင် ဗိုလ်ချုပ်ကြီးအရေအတွက် လျော့ကျသွားဖို့ မျှော်လင့်ထားကြောင်း ဆုတင်က ပြောပါတယ်။ တပ်မတော်ဖွဲ့စည်းပုံအသစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်အတွက် ဥပဒေအသစ်တစ်ရပ်ကို ကာကွယ်ရေး ဝန်ကြီးဆုတင်က ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီဥပဒေအရ ဆရာဝန်အဖြစ်၊ အုပ်ချုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအဖြစ်၊ ဘတ်ဂျက်ဆန်းစစ်လေ့လာမှု ဆောင် ရွက်နေသူတွေအဖြစ် တာဝန်ထမ်းဆောင်နေသူတွေကို စစ်ဘက်ဆိုင်ရာ အဆင့်တွေ သတ်မှတ်ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

ကာကွယ်ရေးအသုံးစရိတ်များပြားတယ်လို့ ဝေဖန်ခံရတာကို ပြန်လည်တုံ့ပြန်ပြောကြားရာမှာ ကာကွယ်ရေးဝန် ကြီးဌာန ဘတ်ဂျက်တောင်းခံမှုဟာ တခြားဝန်ကြီးဌာနတွေထက် နည်းပါးနေဆဲပဲဖြစ်ကြောင်း မစ္စတာဆုတင်က ပြောပါတယ်။

 

ဘတ်ဂျက်အမြင့်ဆုံးတောင်းခံတဲ့ ထိပ်ဆုံးကဝန်ကြီးဌာန ၅ ခုမှာ ဘတ်ငွေ ၃၅၃ ဘီလျံတောင်းခံထားတဲ့ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ဘတ်ငွေ ၃၂၈ ဘီလျံတောင်းခံထားတဲ့ ပညာရေးဝန်ကြီးဌာန၊ ဘတ်ငွေ ၃၂၇ ဘီလျံတောင်းခံ ထားတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘတ်ငွေ ၁၉၈ ဘီလျံတောင်းခံထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘတ်ငွေ ၁၈၃ ဘီလျံတောင်းခံထားတဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

 

တိုင်းပြည်စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ ဝန်ကြီးဌာနအသုံးစရိတ်တွေကို ပြန်လည်လျှော့ချဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဘာ့ကြောင့်ငြင်းပယ်ခဲ့ရတာလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ကာကွယ် ရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြန့်ခွဲမှုဟာ မြင့်မားကောင်းမြင့်မားနေဆဲဖြစ်ပေမဲ့ ပိုမိုနိမ့်ကျတဲ့နှုန်းထားနဲ့ ဖြန့်ခွဲနေ တာဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။

 

“အမျိုးသားဘတ်ဂျက် ၉% မြင့်တက်လာတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနဘတ်ဂျက်ဟာ ၁.၂% ကနေ ၁.၃% လောက်သာ မြင့်တက်လာတာပါ။ ဒါဟာ နိမ့်ကျမှုတစ်ခုနဲ့ သဘောသွားညီမျှပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Generals halved by 2027

 

#PeopleMedia


Share this post