၂၀၂၇ ခုနှစ် မတိုင်မီ ထိုင်းနိုင်ငံကို ဝင်ငွေမြင့်မားတဲ့နိုင်ငံဖြစ်လာအောင် ရည်မှန်းထား
PUBLISHED - October 3, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၃
အစိုးရဟာ လေးနှစ်အတွင်း ထိုင်းနိုင်ငံကို ဝင်ငွေမြင့်မားတဲ့နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။
၂၀၂၄ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်နဲ့ပတ်သက်ပြီး တနင်္လာနေ့က နိုင်ငံတစ်ဝန်းက အစိုးရဌာနဆိုင်ရာအကြီးအ ကဲတွေကို ၎င်းရဲ့မူဝါဒကို ဖော်ပြရာမှာ “လေးနှစ်အတွင်း ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ပျှမ်းမျှစီးပွားရေးတိုးတက် မှုနှုန်း ၅% ရှိလာမှာဖြစ်သလို ၂၀၂၇ ခုနှစ်မတိုင်ခင် တစ်ရက်အနိမ့်ဆုံးလုပ်ခ ဘတ်ငွေ ၆၀၀ ဖြစ်လာမှာဖြစ် ကြောင်း” ဆရက်ထာက ပြောပါတယ်။
ကနဦးအဆင့်အနေနဲ့ အနိမ့်ဆုံးလုပ်ခကို တစ်ရက် ဘတ်ငွေ ၄၀၀ အထိ မြှင့်တင်သွားမှာဖြစ်သလို တက္ကသိုလ် ဘွ့ဲရတစ်ဦးအနေနဲ့ တစ်လကို ဘတ်ငွေ ၂၅,၀၀၀ ရရှိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ အစိုးရအနေနဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့အတွက် အခွန်ငွေတွေ တိုးမြှင့်ကောက်ခံ သွားမှာဖြစ်တဲ့အတွက် အခုအစီအစဉ်ဟာ ဝင်ငွေမြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာရေးအတွက် ကြားကာလ အ ကူးအပြောင်း အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိထိုင်းအစိုးရဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အထူးသဖြင့် Covid-19 ကပ်ရောဂါဘေး စတဲ့စိန်ခေါ်မှု တွေကြားက ပေါ်ထွက်လာခဲ့ရတာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။
ပထဝီနိုင်ငံရေးဆိုင်ရာပဋိပက္ခတွေကြောင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်အခြေအနေ ထိခိုက်ခဲ့ရ ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍတည်ဆောက်မှုဟာ ကုန်ပစ္စည်းအမျိုးအစားအနည်းငယ်နဲ့ ပြည်ပ ဈေးကွက်မဆိုစလောက်ကိုပဲ ဗဟိုပြုနေခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အစိုးရတချို့က အကြွေးဆိုင်းငံ့တဲ့စီမံချက်တွေ ဆောင်ရွက်ပေးခဲ့ပေမဲ့ လယ်သမားတွေဟာ ကြွေးနစ်နေဆဲဖြစ် သလို ထိုင်းနိုင်ငံအနေနဲ့ မကြာခင်ကာလအတွင်းမှာ လယ်သမား သန်း ၂၀ ကို ထိခိုက်စေမယ့် အယ်နီးညိုးဖြစ် စဉ်ကို ကြုံတွေ့ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ လယ်သမားတွေရဲ့ကြွေးမြီပြဿနာတွေကို ဖြေရှင်းပေးသင့်ကြောင်း၊ အဲဒီလိုဖြေရှင်းရာမှာ ဘဏ္ဍာရေးနည်းလမ်းတွေကို မြှင့်တင်ပေးခြင်း၊ ကုန်ထုတ်လုပ်မှုကျွမ်းကျင်မှုကို မြှင့်တင်ခြင်း၊ တန်ဖိုးကွင်းဆက် ကနေ လယ်ယာစိုက်ပျိုးရေးကွန်ရက်တွေနဲ့အတူ လက်တွဲဆောင်ရွက်ခြင်းနဲ့ လယ်ယာထွက်ကုန် တန်ဖိုးမြှင့် တင်ဖို့အတွက် လယ်ယာကဏ္ဍတီထွင်ဖန်တီးမှုကို တန်ဖိုးမြှင့်ထွက်ကုန်တွေပေါ်ထွန်းလာအောင် တွန်းအားပေး ခြင်း၊ လယ်သမားတွေအတွက် တည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ ကို ပြုလုပ်သင့်တယ်လို့ ၎င်းက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေ အလျင်အမြန်တိုးပွားလာတာဟာလည်း စိန်ခေါ်မှုအသစ်တွေရဲ့ ရှေ့တော်ပြေးနိမိတ်တွေ ပဲဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးဟန်ချက်ညီမျှမှုနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရေတိုအနေနဲ့ အစိုးရဟာ ဝင်ငွေမြင့်မားရေး၊ အသုံးစရိတ်လျှော့ချရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီး မြှုပ်နှံရေးတို့ကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာဟာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်အကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အ ကြောင်း၊ နေထိုင်မှုစရိတ်တွေလျှော့ချဖို့အကြောင်း၊ အထူးစီးပွားရေးဇုံတွေကို ထောက်ပံ့သွားမယ့်အကြောင်း တွေကိုလည်း ပြောကြားသွားပါတယ်။
Ref: Nation aims to be upper-income by 2027
#PeopleMedia