၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမီးလင်းစေရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်း အပါအဝင် လုပ်ငန်းသစ် ၁၄ ခုကို MIC ခွင့်ပြု

PUBLISHED - January 28, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၄ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် MIC မှ နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြထားချက်အား သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၅.၂၇၉ (ငွေကျပ် ၁၅၃.၆၈၆) ဘီလီယံ ရှိပြီး၊ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၃၇၁ နေရာကို ဖန်းတီး ပေးနိုင်ခဲ့ကြောင်းဆိုသည်။
COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်နှင့်အညီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် ဦးတည်ချက်အား အထောက်အကူပြုစေနိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကော်မရှင်က ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Credit – MOI
#PeopleMedia
(unicode)
………………………………………………………
Credit – MOI
#PeopleMedia