• Follow Us on

Home ၂၁ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး(ACDFM-21) သို့ မြန်မာတပ်မတော်အရာရှိကြီးများ တက်ရောက်

၂၁ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး(ACDFM-21) သို့ မြန်မာတပ်မတော်အရာရှိကြီးများ တက်ရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (21st ACDFM) ကို ယမန်နေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်တက်ရောက်ပြီး ဆက်စပ်အစည်းအဝေးများဖြစ်သည့် 14th ASEAN Military Operations Meeting (14th AMOM) သို့ တက်ရောက်လျက်ရှိသည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (21st ASEAN Military Intelligence Meeting – 21st AMIM) သို့ တက်ရောက်လျက်ရှိသည့် ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် မင်းသူနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

(၂၁) ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Brigadier General Bouavanh Athanaxay နှင့် (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (14th AMON) ဉက္ကဋ္ဌ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန၊ စစ်ဆင်ရေးဌာနအကြီးအကဲ Major General Kongthong Soukhavong တို့က အစည်းဝေးရလဒ်များအား ဖတ်ကြားတင်ပြခဲ့ကြသည်။

 

၎င်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။

 

မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များ ကို တွန်းအားပေးမီးမောင်းထိုးပြနေသည့် “အာဆီယံ-ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့ အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်စီမံချက် (၂၀၂၄ -၂၀၂၆) {Two Years Work Plan (2024-2026} အား အတည်ပြုခြင်း၊ 21st ACDFM ၏ ပူးတွဲကြေညာချက် Joint Statement အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေငြာချက် Joint Statement ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။

 

ထို့နောက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ကြသည်။

 

#PeopleMedia


Share this post