(၃၆) နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိနိုင်

PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၃၀ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့မြောက် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ နောက်(၃၆)နာရီအတွင်း အားကောင်းသော လေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိ သော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ရောက်ရှိနိုင်သည် ဟုခန့်မှန်းရကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယနေ့နံနက်မှ အောက်တိုဘာလ ၃ရက်နေ့အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၁) ပေခန့် ရှိနိုင်ကြောင်း သိရ သည်။
ယနေ့နံနက်မှ အောက်တိုဘာလ ၃ရက်နေ့အတွင်း ကမ်းရိုးတန်းဒေသများတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုး ကြီးနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင် အသိပေးနှိုးဆော်အပ်ပါသည် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
#PeopleMedia