• Follow Us on
Latest News

Home ၅၀၀ ကေဗွီကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ၇၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်

၅၀၀ ကေဗွီကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ၇၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်

Share this post

နေပြည်တော်၊ မေ ၂၀

 

မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့က သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ Tracking System အသုံးပြုပြီး Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ခဲ့မှုနှင့် စက်ရုံဝန်းကျင်ရှိ ကျေးရွာများကို လူမှုရေးတာဝန်သိတတ်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များတွင် Tracking System အသုံးပြုခြင်းနှင့် ESS Battery Storage ထည့်သွင်းအသုံးပြုခြင်းတို့သည် လျှပ်စစ်ဓာတ် အားထုတ်လုပ်နိုင်သည့်အချိန်အတွင်း ထုတ်လုပ်ရမည့်ဓာတ်အားကို အပြည့်အဝထုတ်လုပ်နိုင်ရေး တည်ငြိမ်စွာ ဖြင့်ထုတ်လုပ်နိုင်ရန် များစွာအထောက်အကူပြုသဖြင့် ထပ်မံတိုးချဲ့မည့် Solar စီမံကိန်းများတွင် အဆိုပါစနစ် ထည့်သွင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

 

သပြေဝ-၃နှင့် သာစည်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ သပြေဝ-၃ ဆိုလာစီမံကိန်းတွင် (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည်ဆိုလာ စီမံကိန်းမှာ (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင်လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိကာ စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများရေးဆွဲထားပြီး အချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီး စီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်စစ်ဆေးပြီး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

 

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံ စီမံကိန်း ဖြစ်ပြီး စီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာဓာတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post