၅၀၀ ကေဗွီဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်းစီမံကိန်း ၉၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
PUBLISHED - July 2, 2024
နေပြည်တော်၊ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းစီမံကိန်း ၉၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာသော ဓာတ်အားများကို ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအပါ အဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဓာတ်အားပျောက်ဆုံးမှု နည်းပါးစွာဖြင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်နိုင်ရေးအတွက် တည်ဆောက်ခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ ၉၇ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် ၂၃၀ ကေဗွီ ဗို့အားစနစ်ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ကနဦးဓာတ်အားပို့ လွှတ်နိုင်ရန်အတွက် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လပထမပတ်အတွင်း ပြီးစီးနိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာ များဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၄၀ ဖြင့် အဖွဲ့လေးဖွဲ့ခွဲကာ ကြိုးဆွဲခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းဓာတ်အားလိုင်းတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့သို့ ၅၀၀ ကေဗွီဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ – လှော်ကား ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ကမာနတ်-လှော်ကား ဓာတ် အားလိုင်းနှင့် ၂၃၀ ကေဗွီ ကမာနတ်-သန်လျင်-သီလဝါ ဓာတ်အားလိုင်းတို့ဖြင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်သွားနိုင်မည်ဖြစ်သည်။
#PeopleMedia