ငြိမ်း၊ စု၊ စီ ပုဒ်မ (၂၀) ဖြင့် နှစ်ကြိမ်တရားစွဲခံရသည့် စစ်ရှောင်ဆန္ဒပြ ဦးဆောင်သူနှစ်ဦးအား ငွေဒဏ်ချမှတ်

PUBLISHED - September 10, 2019
EPN မြစ်ကြီးနား၊ စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သုံးရက်ပြုလုပ်ခဲ့သည့် ကချင်စစ်ရှောင်ပြည်သူများ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ကချင်လူငယ်နှစ်ဦးသည် ငြိမ်း၊ စု၊ စီ ပုဒ်မ(၂၀)ဖြင့် နှစ်ကြိမ်တိုင် တရားစွဲခံထားရပြီး ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ရုံးထုတ်စစ်ဆေးရာတွင် မြစ်ကြီးနားမြို့ နယ် တရားရုံးမှငွေဒဏ်(၂၀၀၀၀)စီ ချမှတ်လိုက်ကြောင်း သိရသည်။
ယင်းဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ (၅)ရက်၊ (၆)ရက်၊ (၉ ) ရက်နေ့အထိ သုံးရက်တိုင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ငြိမ်းစုစီတင်ရာတွင် မပါဝင်သည့်စာသားအပိုများ အသုံးပြုခဲ့ခြင်းကြောင့် ဦးဆောင်သူ ဦးအင်ခွမ်လနူးနှင့် ဒေါ်မလန်ခါးမိုင်တို့ကို မြစ်ကြီးနားမြို့နယ်ရဲမှူးမြင့်မိုးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မ-၂၀(စ)ဖြင့် စက်တင်ဘာဘ(၅)ရက်နေ့တွင် တစ်ကြိမ်၊ (စက်တင်ဘာလ (၉)ရက်နေ့တွင် တစ်ကြိမ် နှစ်ကြိမ်တိုင် တရားစွဲဆိုထားပြီး ယင်းအမှုကိုယနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၇)ရက် (သို့) ငွေဒဏ်(၁၀၀၀၀)ချမှတ်ခဲ့ရာ ဒဏ်ငွေဆောင်ခဲ့ကြောင်း တရားစွဲဆိုခံရသည့် ဦးအင်ခွမ်လနူးက ပြောသည်။
“ဦးဆောင်တဲ့သူက နှစ်ယောက် ပုဒ်မတစ်ခုကို တစ်သောင်းဆိုတော့ တစ်ယောက်ကို ပုဒ်မနှစ်ခုစီ လေးသောင်းဆောင်ခဲ့တယ်။ တစ်ယောက်ကို နှစ်သောင်းစီပေါ့။”ဟု ဦးအင်ခွမ်လနူးက ပြောသည်။ ယမန်နေ့က ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှု၌ ရန်ကုန်မှ လာရောက်၍ ပါဝင်သောခဲ့သော မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) အဖွဲ့နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများက “လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်သောစစ်တပ်၏ အမှုဖွင့်အရးယူမှုများကို ကန့်ကွန်ရှုံ့ကြ” စာသားပါအပြာရောင်အင်္ကျီများ ဝင်ဆင်ထားမှုနှင့် စက်တင်ဘာ(၅)ရက်နေ့က ဆန္ဒထုတ်ဖော်ရာတွင် War is not answer/ I hate War/ ပြည်သူသည် စစ်၏ဓားစာခံမဟုတ် / IDPs ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည်ဟူသော စာသားအပိုများကိုင်ဆောင်မှုကြောင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လွမ်းအောင်