ကြိုးပျက်နေသည့်ချိန်ခွင်အား မြို့နယ်တရားသူကြီးအား ပေးခဲ့သူ ကချင်လူငယ်အား ထောင်ဒဏ် ၃ လ ချမှတ်

PUBLISHED - September 6, 2019
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆
တရားခွင်အတွင်း တရားသူကြီးကို ကြိုးပျက်နေသည့်ချိန်ခွင် ပေးခဲ့သည့် ကချင်လူငယ် ကိုပေါလုအား ယနေ့ စက်တင်ဘာ ၆ရက်နေ့၊ နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃လ ချမှတ်ခဲ့သည်။
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံရသော ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို စက်တင်ဘာလ (၂)ရက်နေ့တွင် ငွေဒဏ်သုံးသောင်းစီဆောင်ရန်နှင့် ငွေဒဏ် မဆောင်ပါက ထောင်(၁၅)ရက်စီ ကျခံရန် အမိန့်ချမှတ်ခြင်းအပေါ် ကျေနပ်မှုမရှိသည့် ကချင်လူငယ် ကိုပေါလုက တရားခွင်အတွင်း ကြိုးပြတ်နေသည့် ချိန်ခွင်ကို တရားသူကြီးအား ပေးအပ်ခဲ့သည့်သည်။
ထိုကြောင့် ပြည်သူ့ဝန်ထမ်း တရားစီရင်ရေး ဆောင်ရွက်နေစဉ် တမင်နှောက်ယှက်မထီမဲ့မြင့်ပြုမှုဟု ဆိုကာ မြို့နယ်တရားသူကြီး ဦးသန်းထွန်းက အရေးယူပေးရန် စက်တင်ဘာလ ၃ရက်နေ့ တွင် ရာဇသတ်ကြီး ပုဒ်မ (၂၂၈) အရ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက် လျောက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၆ရက်နေ့၊ နံနက်ပိုင်းက ကိုပေါလုအား မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃လ ထပ်မံ ချမှတ်ခဲ့သည်။
ထို့အပြင် ယမန်နေ့က ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ၏ ဘဝခံစားချက်၊ အခက်အခဲများကိုအလေးပေးဆောင်ရွက်ပေးရန်နှင့်စစ်ရှောင်များအရေးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိဟုဆိုကာ မြစ်ကြီးနားမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ဦးအင်ခွမ်လနူးနှင့် ဒေါ်မလန်ခါးမိုင်တို့ကိုလည်း မြစ်ကြီးနားမြို့နယ်ရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မ-၂၀(စ)ဖြင့် တရားစွဲဆိုထားပြီး ထိုအမှုကို ၁၅ ရက်အတွင်း စစ်ဆေးသွားမည်ဟုသိရသည်။ ယနေ့ စက်တင်ဘာ ၆ရက်နေ့တွင်လည်း စစ်ရှောင်များက မြစ်ကြီးနား MPT ရုံးရှေ့တွင် ဆက်လက်ဆန္ဒဖော်ထုတ်လျှက်ရှိသည်။
လွမ်းအောင်