• Follow Us on

Home ကချင်တစ်ပြည်နယ်လုံး၌ A အဆင့်ရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် နှစ်ရာကျော် ဖွင့်ခွင့်ရ

ကချင်တစ်ပြည်နယ်လုံး၌ A အဆင့်ရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် နှစ်ရာကျော် ဖွင့်ခွင့်ရ

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၄
ကချင်တစ်ပြည်နယ်လုံး၌ A အဆင့်ရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် ၂၀၀ ကျော်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင် ဖွင့်ခွင့်ရရှိခဲ့ကြောင်း ကချင်ပြည်နယ် ကိုဗစ်အရေးပေါ် တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက် ကိုက်ညီသည့် A အဆင့်ရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်‌များကို ကျန်းမာရေး၊ ထွေ/အုပ်၊စည်ပင် အဖွဲ့အစည်းများနှင့် လိုက်လံ စစ်ဆေးခဲ့ရာတွင် ဆိုင်ပေါင်းနှစ်ရာကျော် လတ်တလောဖွင့်ခွင့်ပြုထားသည် ဟု ကချင်ပြည်နယ်ကိုဗစ် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။
“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စံသတ်မှတ်ချက်ပေါ့ ကိုက်ညီတဲ့ A အဆင့်ရှိတဲ့ စားသောက်ဆိုင်တွေပေါ့ ဒါကို ထွေ/အုပ်ရယ်၊ ကျန်းမာရေးရယ်၊ စည်ပင်ရယ် လိုက်လံစစ်ဆေးတယ်။ လတ်တလော ဆိုင် နှစ်ရာကျော် ဖွင့်ခွင့်ပြုထားတယ် “ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်အတွင်း လတ်တလော ဖွင့်ခွင့် ရသည့်ဆိုင်ပေါင်း (၂၃၂) ဆိုင်တွင် စားသောက်ဆိုင် ၁၆၈ ဆိုင် လ္ဘက်ရည်ဆိုင် ၆၄ ဆိုင် ပါဝင်သည်။
ကချင်ပြည်နယ်အတွင်း ရှိသည့်အခြား စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များအနေနှင့် တင်ပြလာပါက သက်ဆိုင်ရာဌာနများက လိုက်လံစစ်ဆေးပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီပါက ပြန်လည် ဖွင့်ခွင့်ပေးသွားမည် ဖြစ်ကြောင်း ဦးတင့်နိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
ကိုဗစ် ၁၉ ရောဂါကာ စတင်ဖြစ်ပွားသည့်အချိန်ကစပြီး ကချင်ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များ၊လ္ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခဲ့သည်မှာ ယခုဆိုလျှင် ရှစ်လကျော်လာပြီး ဖြစ်သဖြင့်ပြည်သူများအနေဖြင့် ကြပ်တည်းမှုများရင်ဆိုင်နေရကြောင်း ဆိုင်ရှင်များက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် သက်ဆိုင်ရာ ဌာနများမှ စစ်ဆေးပြီး A အဆင့် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ဆိုင်များ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ စတင်ကာ ဆိုင်ထိုင်စား စနစ်ဖြင့် ရောင်းချနေကြပြီ ဖြစ်သည်။
ပထမဆုံးနေ့ဖြစ်သဖြင့် ရောင်းအား မကောင်းသေးကြောင်း စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးကဆိုသည်။
“သက်ဆိုင်ရာ ကလာရောက်စစ်ဆေးတယ် A အဆင့်နဲ့ ကိုက်ညီတယ် ဖွင့်ခွင့်ပေးခဲ့တယ် ပထမဆုံးနေ့ဆိုတော့ လူတွေက သိပ်မသိကြသေးဘူး လူတော့ အလာမရှိသေးဘူး ရောင်းအားကတော့ ပါဆယ်စနစ်တုန်း ကလိုဘဲ နောက်ပိုင်းတော့ အဆင်ပြေမှာပါ” ဟု ဒေါ်ပွတ်ကျွတ်က ပြောသည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆိုင်အချို့မှာမှု သက်ဆိုင်ရာက ကွင်းဆင်းဆောင်ရွက်မှုများ ကျန်ရှိနေသေးသည့်အတွက် ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ထီးလှိုင် လ္ဘက်ဆိုင်ရှင် ဦးကံထူးက ပြောသည်။
“ဟုတ်တယ် တချို့ဆိုင်တွေကတော့ဖွင့်နေကြပြီ ကျနော်တို့တော့ မဖွင့်သေးဘူးဗျ မနက်ဖြန်လောက်တော့ စဖွင့်မယ်၊ ဘာလို့လဲ ဆိုတော့ သက်ဆိုင်ရာတွေက ဆိုင်တွေကိုလိုက်လံ‌စစ်ဆေးမှု ကွင်းဆင်းဆောင်ရွက်မှု အပိုင်းမှာ တချို့ဆိုင်တွေကို မစစ်ဆေးရသေးဘူး တချို့တော့ စစ်ပြီးလို့ ဖွင့်နေကြပြီ”ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ် အတွင်းရှိ Bar ၊KTV၊ GYM ကစားရုံနှင့် ဖူးဆယ်ဘောလုံးကွင်းများကိုလည်း တရားဝင် ခွင့်ပြုမိန့် မရှိသေးကြောင်း အကယ်၍ ခိုးဖွင့်ပါက သက်ဆိုင်ရာဌာနမှ လိုက်လံ‌စစ်ဆေးတွေ့ရှိပါက သတိပေးခြင်း၊ မှတ်တမ်းပြုကာ ဥပဒေအရ အရေးယူသွားမည်ဟု ကချင်ပြည်နယ် ကိုဗစ် ၁၉အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်က ဆိုသည်။
“Bar ၊KTV၊ GYM ကစားရုံနှင့် ဖူးဆယ်ဘောလုံးကွင်းတွေကိုတော့ ခွင့်ပြုမိန့် မရရှိသေးပါဘူး အကယ်၍ ဖွင့်ခဲ့ပါက အဖွဲ့တွေက လိုက်စစ်မယ် သတိပေးမယ်၊ မှတ်တမ်းပြုမယ် နောက်ဆုံး ဥပဒေအရ အရေးယူမယ် အဆင့်ဆင့် သွားမယ် “ဟု ဆိုသည်။
ကချင်ပြည်နယ် ကိုဗစ် ၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီက သက်ဆိုင်ရာ ခရိုင်/မြို့နယ်များသို့လည်း လမ်းညွှန်ချက်များ အတိုင်း လိုက်လံ စစ်ဆေးရန်၊ လိုအပ်ပါက အရေးယူနိုင်ရန် အတွက် ညွှန်ကြားထားသည်။
မင်းမင်း
(unicode)
……………………………………………………

Share this post