• Follow Us on

Home ကနီမြို့နယ်တွင် ကျေးရွာအချို့ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေ

ကနီမြို့နယ်တွင် ကျေးရွာအချို့ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေ

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးရွာအချို့ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ် လျက်ရှိကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။
 
ကနီမြို့နယ်၊ ချောင်းမအရှေ့၊ ယင်းသွင်မြောက်ပိုင်း၊ သမင်ခြံအုပ်စုအတွင်းမှ မြချမ်းစည်တောတိုက်၊ စက်ရင် ချောင်း၊ အင်းမော်စသည့် ကျေးရွာအချို့တွင် ရေတွင်းရေကန်များ ရေခမ်းခြောက်ပြီး သောက်သုံးရေအခက် အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
 
“မိုးခေါင်တာပေါ့။ မိုးက ၂ နှစ်၊ ၃ နှစ်ရှိပြီ။ မိုးခေါင်တော့ ရေတွင်းတွေ တစ်ခါမှမပြတ်လပ်ဖူးတဲ့ ရွာတွေ ရေ ပြတ်တယ်။ ရေပြတ်တော့ ဘတ်ဂျက်တစ်နှစ်ကြိုတင်တင်ရတာကိုး၊ မနှစ်က ၇ လပိုင်း၊ ၈ လပိုင်းက ရေက စပြတ်တော့ ဘတ်ဂျက်ကကြိုမတင်ရဘူး။ ဒါပေမယ့် ချောင်းမအရှေ့နားက အခုတင်ဒါတော့ခေါ်နေပြီ။ သိန်း ၂၀၀ ကျော်နဲ့။ အဲဒါကတော့ သဘာဝဘေးအထူးရန်ပုံငွေထဲကနေ လုပ်ရတာပေါ့” ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။
 
ယခုလက်ရှိ သောက်သုံးရေအခက်အခဲဖြစ်နေသည့်ကျေးရွာများကို ကနီမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က ရေလှူဒါန်းမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
 
“ဟိုတနေ့က ကျွန်တော်ယင်းသွင်ရွာကိုရောက်ခဲ့တယ်။ ယင်းသွင်မြောက်ပိုင်း အိမ်ခြေ ၄၀ ကျော်လောက်နဲ့ လူဦးရေ ၁၀၀လောက်ရှိတယ်။ ကိုယ့်ဘာသာကိုယ်ရေထမ်းသုံးရတယ်။ ခေတ်အဆက်ဆက်က အဲဒီရွာတွေမှာ ရေခမ်းတယ်ဆိုတာ မကြားဖူးဘူး။ မကြုံဖူးဘူး။ ယင်းသွင်ရွာတို့ဆိုတာက ရေပေါတယ်။ ရွာပတ်ပတ်လည်နဲ့ မလှမ်းမကမ်းချောင်းတွေက ဝိုင်းနေတာကိုး၊ ချောင်းကလဲအမြဲတမ်းစီးဆင်းနေတာကိုး၊ အခုတော့မိုးက ပြတ်သွားလိုက်တဲ့အခါကျတော့ ချောင်းရေကိုက အတော်နည်းသွားတာ။ ရေတွင်းက ရေတစ်စက်မှမကျန်တော့ ဘူး။ ခမ်းသွားတယ်။ အဲတော့ ကျွန်တော်တို့လဲတတ်နိုင်သလောက်ကြိုးစားနေတာပေါ့။ တစ်ချို့ရွာလေးတွေက နွားစာလဲခက်တယ်။ လူလဲသောက်သုံးရေခက်တာပေါ့။ ယင်းသွင်ဆိုရင် လူရေတော်တော်ခက်တယ်။ တချို့ ကျတော့ မိုးခေါင်တဲ့အတွက်ကျ ပြောင်းတို့မစိုက်ရဘူး။ လယ်ကလဲမရကြဘူး။ ကောက်ရိုးမရကြဘူး။ နွားစာလဲ တော်တော်အခက်အခဲကြုံတာပေါ့” ဟု ၎င်းကပြောသည်။
 
ကနီမြို့နယ်မှ ကျေးရွာအချို့ရေအခက်အခဲဖြစ်ပေါ်နေမှုကို သက်ဆိုင်ရာဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနတို့ထံ အဆင့်ဆင့်တင်ပြထားကြောင်းသိရသည်။
 
“ဒီနှစ်ကအစောကြီး ရေပြတ်တာကိုး၊ အခုတိုင်း ဒီအချိန်ရေပြတ်တဲ့အချိန်မဟုတ်တာကိုး၊ တစ်နှစ်မှ မကြုံ ဘူးတာကိုး၊ အခုမှဆောင်းတွင်းရှိသေးတာ။ နဂိုတုန်းက ၃ လပိုင်း၊ ၄ လပိုင်းလောက်မှ ရေပြတ်တာ” ဟု ဦးထွန်းထွန်းဝင်းကပြောသည်။
 
ယခုနှစ် နွေရာသီကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ် ၁၂ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ အား ရေရှားပါးနိုင်သည်ဟု ခန့်မှန်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအနေဖြင့် ယခုနှစ် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု ကြုံတွေ့လာရပါက သက်ဆိုင်ရာမြို့နယ် ကျေးလက်ဦးစီးဌာနက တာဝန်ရှိသူများကို အချိန်မရွေး ဖုန်းဖြင့် ဆက်အကြောင်းကြားနိုင်ကြောင်း သိရသည်။
 
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်က ကျေးရွာ ၁၁ ရွာ၊ ၂၀၁၇ ခုနှစ်က ကျေးရွာ ၅၃ ရွာ၊ ၂၀၁၈ ခုနှစ်က မရှိ၊ ၂၀၁၉ ခုနှစ်က ကျေးရွာ ၁၆ ရွာ၊ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကျေးရွာ ၁၆ ရွာ ရေရှားပါးခဲ့ပြီး ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဌာနပေါင်းစုံ၊ အလှူရှင်များနှင့် ပူးပေါင်းပြီး ရေဖြန့်ဝေမှုများလုပ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။
 
ဓာတ်ပုံ – ဦးထွန်းထွန်းဝင်း
 
သတင်း – သူရိယထက်
 
#PeopleMedia #မုံရွာ #သောက်သုံးရေပြတ်လပ်မှု
 
(unicode)
…………………………………………
 
 
 
 
 
 
 
 
 
 
 
 
 
 

Share this post