• Follow Us on

Home ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက်ကိုရိုက်ခတ်မှု များရှိကြောင်း စီးကူးဝန်ကြီး ပြောကြား

ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက်ကိုရိုက်ခတ်မှု များရှိကြောင်း စီးကူးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက်ကိုရိုက်ခတ်မှု များရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

ပြည်ပမှ စားအုန်းဆီများအား တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်များနှင့်ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

 

“စားသုံးဆီတင်သွင်းသူတွေလည်း နစ်နာမှုမရှိစေရေး၊ စားသုံးသူ ပြည်သူတွေအတွက်လည်း ထိခိုက်မှုမရှိစေ ရေးတို့အတွက် ဗဟိုဘဏ်မှ ရောင်းချပေးတဲ့ ဒေါ်လာဈေးနဲ့ သက်သာသော ဈေးနှုန်းတွက်ချက်ပြီး စီစဉ် ဆောင်ရွက်ပေးခဲ့တာမှာ (၅) လရှိပြီဖြစ်ပါတယ်။ တင်သွင်းဖြန့်ဖြူးသူတွေ အနေနဲ့ အရောင်းအဝယ်သဘောအရ အမြတ်ရရှိရေးကိုသာ အဓိကမဟုတ်ဘဲ စားသုံးသူပြည်သူတွေအနေနဲ့ အဆင်ပြေမှုရှိစေဖို့အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်တယ်။ အခုကာလ ကမ္ဘာ့စားသုံးဆီ ဈေးကွက်မှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ကိုရိုက်ခတ်မှုများရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမို တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရလျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို ယခု Mini Budget မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် စားသုံးဆီ ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှု၊ ပြည်တွင်းဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးမှု လျှော့ချနိုင်ရေး၊ ပြည်တွင်း ထုတ်လုပ်မှု တိုးတက်စေရေး၊ ပြည်တွင်း၌ စားသုံးဆီများ စုပုံမှုမရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်တို့ကို အခြေ ခံ၍ တွက်ချက်ဆောင်ရွက်ခဲ့ကြောင်း၊ ပြောသည်။

 

အလားတူ ကမ္ဘာ့ဈေးနှုန်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်လျှင် ပျမ်းမျှ (၁၄၀၇) ဒေါ် လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် (၁၅၅၀) ဒေါ်လာခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှ အားဖြင့် (၁၆၄၀) ဒေါ်လာခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါကြောင်း၊ စားသုံးဆီတင်သွင်းမှုအနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် (၃ ဒသမ ၁) သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် (၂ ဒသမ ၃) သိန်းခန့်သာ တင်သွင်းခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၃၀) ရာခိုင်နှုန်းအထိ လျှော့ချထိန်းညှိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့် သင့်တင့်မျှတသည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ် ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်ထောင်စုဝန် ကြီး ဒေါက်တာပွင့်ဆန်းက ဆွေးနွေးပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post