• Follow Us on
Latest News

Home ကိုဗစ် ၁၉ ကြောင့် မြစ်ကြီးနားတွင် လိမ္မော်သီးဈေးများ သိသိသာသာလျော့ကျနေ

ကိုဗစ် ၁၉ ကြောင့် မြစ်ကြီးနားတွင် လိမ္မော်သီးဈေးများ သိသိသာသာလျော့ကျနေ

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၆ (People Media)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်ရာသီပေါ် သီးနှံတစ်ခုဖြစ်သည့် လိမ္မော်သီး ဈေးများမှာ ကိုဗစ် ၁၉ ကြောင့် ယခုနှစ်အတွင်း သိသိသာသာ လျော့ကျနေကြောင်း မြစ်ကြီးနားမြို့ပေါ်က လိမ္မော်သီး ရောင်းချသူများထံမှ သိရသည်။
ယခင်က လိမ္မော်သီးများ ဝယ်ဈေးမှာ အသီးကြီးကြီး အလုံးလှလှ တစ်လုံးလျှင် (၁၆၀) ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး ယခုနှစ်တွင်မူ တစ်လုံးလျှင် (၁၃၀)၊ (၁၃၅)ကျပ်နှုန်းဖြင့်သာ ဝယ်ယူခဲ့ရကြောင်း လိမ္မော်သီး ရောင်းချသူ တစ်ဦးက ပြောသည်။
“ဒီနှစ်က လိမ္မော်သီးဝယ်ဈေးတွေလည်းကျတယ် ၂၀ လောက်ကျတယ်၊ ကိုဗစ်ကြောင့် ပြောရမှာပေါ့၊ နောက်ပြီး ဝယ်ယူသူတွေက အပြင်ထွက်တာလည်း မရှိကြတော့ ဒီနှစ်မှာတော့ ဝယ်ယူသူ အရေအတွက်မှာလည်း နည်းတယ်” ဟု မြစ်ကြီးနားမြို့ပေါ်တွင် လိမ္မော်သီးရောင်းချနေသည့် ဈေးသည့် တစ်ဦးကပြောသည်။
လက်ရှိ မြစ်ကြီးနား ဈေးကွက်အတွင်း လိမ္မော်သီး အလုံးကြီးကြီး အသီးလှလှ တစ်လုံးလျှင် ၂၀၀ ကျပ်၊ အခြား အရွယ်များမှာ တစ်လုံးလျှင် ၁၀၀ ကျပ်၊ ၁၅၀ ကျပ်၊ ၃ လုံးလျှင် ၂၀၀ ကျပ် အထိသာ ရောင်းချနေရကြောင်း ရှမ်းစုတောင် ရပ်ကွက်ရှိ ရာသီပေါ် အသီးတန်းများမှ စုံစမ်း သိရသည်။
ယင်းကဲ့သို့ လိမ္မော်သီး ဈေးကျနေသော်လည်း ဝယ်ယူသူ နည်းပါကြောင်းကိုလည်း အဆိုပါ ဈေးသည်များထံမှ သိရသည်။
ယခုနှစ်တွင် ဒီဇင်ဘာလ ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲများကိုလည်း ကိုဗစ် ၁၉ ရောဂါအခြေအနေကြောင့် အကျင်းချုံးသာ ပြုလုပ်ရသည့်အတွက် ယခင်နှစ်များကဲ့သို့ ပွဲအခမ်းအနားများလည်း မရှိသည့်အတွက်ကြောင့် ဝယ်ယူသူမှာလည်း ယခင်နှစ်ထက် သိသိသာသာ လျော့နည်းကြောင်း သိရသည်။
မြစ်ကြီးနားဈေးကွက်အတွင်း ရောင်းချနေသည့် လိမ္မော်သီးများကို အများအားဖြင့် ဝိုင်းမော်မြို့နယ် မန်ဒေါင် ဒေသမှ ထွက်ရှိသည့် လိမ္မော်သီးများမှာ အများဆုံး ဖြစ်ပြီး၊ တနိုင်း၊ လဝါး စသည့် ဒေသဘက်များမှ လိမ္မော်သီးများလည်း ပါဝင်ကြောင်း သိရသည်။
ဝေယံ
#PeopleMedia #EPN
(unicode)
…………………………………..

Share this post