• Follow Us on
Latest News

Home စစ်ကိုင်းတိုင်းထဲက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ဌာနဆိုင်ရာလူကြီးတချို့ ပိုက်ဆံလွှဲပေးဖို့ ခြိမ်းခြောက်စာများ ပေးပို့ခံနေရ

စစ်ကိုင်းတိုင်းထဲက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ဌာနဆိုင်ရာလူကြီးတချို့ ပိုက်ဆံလွှဲပေးဖို့ ခြိမ်းခြောက်စာများ ပေးပို့ခံနေရ

Share this post

ရွှေဘို၊ စက်တင်ဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းထဲက စီးပွာရေးလုပ်ငန်းရှင်တချို့ ကိုင်ဆောင်အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတွေနဲ့ ဌာနဆိုင်ရာ လူကြီးတချို့ ကိုင်ဆောင်နေတဲ့ လက်ကိုင်ဖုန်းတွေကို မက်ဆေ့နည်းပညာကနေတဆင့် ပိုက်ဆံလွှဲပေးဖို့ ခြိမ်းခြောက်စာတွေ မကြာခဏ ပေးပို့ခံနေရတယ်လို့ ကာယကံရှင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“အခု သူတို့ပေးတဲ့ Wave အကောင့်၊ KBZ Pay အကောင့် လိပ်စာတွေဆီကို ပိုက်ဆံလွှဲပေးရမယ်၊ သူတို့ ခိုင်းတဲ့အတိုင်းလုပ်ပေးဖို့ ပျက်ကွက်ရင် ငါတို့မိသားစုအသက်နဲ့ ငါတို့စီးပွားရေးလုပ်ငန်းတွေကို သူတို့က အာမ မခံဘူး၊ ဖောက်ခွဲပစ်ခတ်တာ မခံရချင်ဘူးဆိုရင် ခိုင်းတဲ့အတိုင်းလုပ်ပါ၊ အချိန် ၂ ရက်ပေးမယ်ဆိုပြီး ဖုန်း မက်ဆေ့တွေ ခဏခဏပို့တယ်” လို့ အမည်မဖော်လိုတဲ့ စက်သုံးဆီလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်က ဖုန်းနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ဆိုင်ရှေ့ကို ပိုက်ဆံ သိန်း ၃၀ ပေးဖို့အပါအဝင် ခြိမ်းခြောက်စကားလုံးတွေ ရေးသားထားတဲ့ စာတစ်စောင် ချထားပြီး ရက်ပိုင်းအကြာမှာ အဲ့ဒီဆိုင် ဗုံးခွဲခံရတာကြောင့် ဆိုင်ရဲ့ရှေ့မှာ တပ်ဆင်ထားတဲ့ နေကာအမိုးတွေ ပျက်စီးခဲ့ပါတယ်။

 

အဲ့ဒီလို ပေါက်ကွဲမှုဖြစ်ပြီးနောက် ဆိုင်ရှေ့က အုတ်ခုံလှေကားပေါ်မှာ နောက်တကြိမ် စာလာချပြန်တယ်လို့ သိရ ပါတယ်။ အဲ့ဒီစာထဲမှာ ရေးထားတာက “ဆိုင်ရှေ့ကို ဗုံးဖောက်ခွဲပြီး သတိပေးထားပြီးပြီ၊ ပိုက်ဆံ သိန်း ၃၀ လွှဲ ပေးဖို့ ပျက်ကွက်ရင် အခုလို အသံဗုံး မဟုတ်ဘဲ အဆံဗုံးနဲ့ ဖောက်ခွဲမယ်” လို့ ဖြစ်ပါတယ်။

 

အဲ့ဒါကြောင့် အဲ့ဒီ စီးပွားရေးလုပ်ငန်းရှင်ဟာ စီးပွားရေးလုပ်ငန်းတွေ ဆက်မလုပ်ရဲဘဲ ယာယီရပ်နားထားပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကသာမြို့ပေါ်က ဌာနဆိုင်ရာ အကြီးအကဲတချို့ရဲ့ လက်ကိုင်ဖုန်းတွေကို အလားတူ ပိုက်ဆံလွှဲပေးဖို့ မက်‌ဆေ့တွေ ပေးပို့ခံရတယ်လို့ သိရပါတယ်။

 

“အဘက်ဘက်က ကျရောက်လာနိုင်တဲ့အန္တရာယ်ကို ကြည့်ပြီး သူတို့ပြောတဲ့အတိုင်း ပိုက်ဆံလွှဲပေးနိုင်ဖို့က အခက်အခဲ ၂ ခုရှိတယ်၊ ပထမတစ်ခုက အခုတလော အကြပ်အတည်းအမျိုးမျိုးကြောင့် လက်ထဲမှာ သူတို့ ပြောတဲ့ ငွေအမောင့်မရှိဘူး၊ ဘဏ်ထုတ်မရတဲ့အခက်အခဲရှိတယ်၊ နောက်တစ်ခုက မဖြစ်မနေ ရှာကြံဖန်တီးပြီး လွှဲပေးလိုက်မယ်ဆိုရင်လည် အားပေးအားမြှောက်လုပ်ရာဖြစ်စေတဲ့အတွက် ဥပဒေအရ ကြီးလေးတဲ့အရေးယူမှု ချက်ချင်းခံရနိုင်တယ်” ပိုက်ဆံတောင်းခြိမ်းခြောက်ခံနေရတဲ့ ကာယကံရှင်တစ်ယောက်က ပြောပါတယ်။

 

ဒါ့အပြင် ကသာမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ့ အရာရှိတစ်ဦးအပါအဝင် ယာဉ်ထိန်းရဲ ၂ ဦးနဲ့ မုံရွာ ယာဉ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ယာဉ်ထိန်းရဲ တာဝန်ရှိသူတချို့ထံ ဖုန်းမက်ဆေ့ကနေတဆင့် ပိုက်ဆံတောင်းတာ ခြိမ်းခြောက်တာတွေရှိလာတယ်လို့ သိရပါတယ်။

 

အဲ့ဒီလို ဖုန်မက်ဆေ့ကနေတဆင့် ပိုက်ဆံတောင်းတာ၊ ခြိမ်းခြောက်တာတွေခံရပြီးနောက်၊ ခြိမ်းခြောက်သူတွေ ပြောတဲ့အတိုင်း လိုက်မလုပ်တဲ့အတွက် အသက်ဆုံးရှုံးရသူ လူတချို့ ရွှေဘိုခရိုင်ထဲက မြို့နယ်နဲ့ ကျေးရွာ တွေမှာ ရှိတယ်လို့ ကာယကံရှင်နစ်နာသူတွေရဲ့ ဆက်သွယ်ပြောပြတာကြောင့် သိရပါတယ်။

 

“ညီမရဲ့ အစ်ကိုတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက အသတ်ခံရတယ်၊ အစ်ကိုသေသွားပြီးနောက်ပိုင်း အစ်ကိုရဲ့ ဖုန်းကို ညီမဆက်ကိုင်တယ်၊ ဖုန်းကို စစ်ကြည့်လိုက်တဲ့အခါ ပိုက်ဆံ သိန်း ၂၀ လွှဲပေးဖို့ အကြိမ်ကြိမ် ခြိမ်း ခြောက်တောင်းခံထားရတာကို တွေ့တယ်၊ နောက်ပြီး အဲ့ဒီ ပိုက်ဆံတောင်းတဲ့အဖွဲ့က ညီမတို့နယ်မှာ သူတို့ လူသတ်ခဲ့တာ လူပေါင်းဘယ်လောက်ရှိနေပြီ၊ သတ်ဖို့ စာရင်းရထားသူ လူဘယ်လောက်ကျန်သေးတယ်လို့ အွန်လိုင်းမှာ ရေးထားတာတွေ့ရတယ်၊ ပြီးတော့ ညီမရဲ့ အစ်ကိုသတ်ခဲ့တာလည်း သူတို့ဖြစ်တယ်လို့ ရေးထား သေးတယ်” လို့ ရွှေဘိုခရိုင်ထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

 

ဒါ့အပြင် ဖုန်းမက်ဆေ့ကနေ စာတွေပို့ပြီး ပိုက်ဆံတောင်းတာ၊ ခြိမ်းခြောက်တာတွေအပြင် သေနတ်ကျည်ဆံပုံတို့ လက်ပစ်ဗုံးပုံတို့ ရေစာအမှတ်ထိုးထားတဲ့ စာရေးစက္ကူပေါ်မှာ ပိုက်ဆံတောင်းတဲ့ ခြိမ်းခြောက်စာတွေ ရေးပြီး နည်းလမ်းမျိုးစုံနဲ့ ပေးပို့တာတွေလည်း ရှိတယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အဲ့ဒီလို ပိုက်ဆံလွှဲပေးဖို့ ခြိမ်းခြောက်စာတွေ ပေးပို့ခံရတဲ့ အသိုင်းအဝိုင်းကတော့ ရွှေဘိုနယ်မှာ ဆန်စက် လုပ်ငန်းနဲ့ စပါးပွဲစားတွေ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်တွေ၊ စတိုးဆိုင်နဲ့ စားသောက်ဆိုင် လုပ်ငန်း ရှင်တချို့ ပါဝင်တယ်လို့ သိရပါတယ်။

 

ကသာ၊ ကောလင်း၊ ယင်းမာပင်၊ ခန္တီး၊ မုံရွာစတဲ့ ခရိုင်ထဲက ရွှေလုပ်ငန်း၊ ရေလမ်းကြောင်းနဲ့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်၊ သယ်ဆောင်၊ ထုတ်လုပ်တဲ့လုပ်ငန်း အဲ့ဒီလုပ်ငန်း ရှင်တွေအပြင် ဌာနဆိုင်ရာအကြီးအကဲတချို့နဲ့ ထွေအုပ်ဝန်ထမ်းတချို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

 

သွန်းသွန်း(EPN)

 

သတင်း(EPN)

 

#PeopleMedia #စစ်ကိုင်းတိုင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 



Share this post