• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၇၄) ခုအနက် လုပ်ငန်း ၆၈ ခု ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၇၄) ခုအနက် လုပ်ငန်း ၆၈ ခု ရာနှုန်းပြည့်ပြီးစီး

Share this post

မုံရွာ၊ စက်တင်ဘာ – ၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံ ငွေနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းများအနက် လုပ်ငန်း ၆၈ ခုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း‌ဒေသကြီးရေ အရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်‌ဇော်ဦးက ပြောသည်။

 

အဆိုပါကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှစတင်၍ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ သြဂုတ်လကုန်အထိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၄ ခုအနက် လုပ်ငန်း ၆၈ ခုမှာ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်သည်။

 

“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၄ ခု ဆောင်ရွက်ပေးပါတယ်။ အဲဒီလုပ်ငန်း ၇၄ ခုမှာ လုပ်ငန်းတစ်ခုကတော့ လုပ်ငန်းဆောင်ရွက်တဲ့ကုမ္ပဏီက မလုပ်နိုင်တော့တဲ့အတွက် ပြန်အပ်လိုက်တယ်။ လုပ်ငန်း ၆၈ ခုက သြဂုတ်လမှာ ရာခိုင်နှုန်းပြည့်ပြီးသွားပြီ။ လုပ်ငန်း ၅ ခုကမပြီးစီးသေးဘူး။ ဆက်လက်ဆောင်ရွက်ဆဲပါ။ ဒီဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်တွန်းအား ပေးပေမယ့် လုပ်ငန်းသဘာဝအရ ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေမြင့်တက်လာတာဖြစ်သဖြင့် လုပ်ငန်းက ဆက်လက်ဆောင်ရွက်၍ မရတော့ဘူး။ မြစ်ရေကျဆင်းချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ဆက်လက်ဆောင်ရွက်ရ မှာဖြစ်တဲ့အတွက် မြစ်ရေကျဆင်းတဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ၁၀၀ ရာခိုင်နှုန်း အပြီးဆောင်ရွက်သွားမယ်” ဟု စစ်ကိုင်းတိုင်း‌ဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထက်‌ဇော်ဦးကပြောသည်။

 

အဆိုပါကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံ ငွေ၊ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ စုစုပေါင်းငွေကျပ် ၉၅၁၈ သန်းဖြင့် အကုန်ကျခံပြီး တင်ဒါအောင်ကုမ္ပဏီများက ဆောင်ရွက်ခြင်းဖြစ်သည်။

 

“ရေတိုက်စားကမ်းပြိုလာမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု‌တွေကြောင့် ကျွန်တော်တို့မြစ်တွေ တိမ်ကော လာတယ်၊ ရေကြောင်းတွေပြောင်းပြောင်းသွားတယ်။ ကျွန်တော်တို့အနေနဲ့ ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည် ပြီးတော့ ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းတွေ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ စတဲ့လုပ်ငန်းတွေကို ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျှက်ရှိပါတယ်”ဟု ဦးထက်‌ဇော်ဦးက ထပ်မံပြောသည်။

 

ထို့အပြင် စစ်ကိုင်းတိုင်း‌ဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအပြင် ယခု ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၌ ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန် စေရေးအတွက် လုပ်ငန်း(၇)ခုကို ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၁၀ ဖြင့် ယခုနှစ် ဇန်နဝါရီလ တတိယအပတ်မှစတင်၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ လက်ရှိ အချိန်တွင် (၁၀၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

 

ဓာတ်ပုံ – ငွေအိုး

 

#PeopleMedia #ရေအရင်းမြစ် #စစ်ကိုင်းတိုင်း

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 



Share this post