• Follow Us on
Latest News

Home စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ကြံစိုက်ဧက (၁၄၉၇၇၄) ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ကြံစိုက်ဧက (၁၄၉၇၇၄) ဧက စိုက်ပျိုးပြီးစီး

Share this post

မုံရွာ၊ စက်တင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ကြံစိုက်ဧက (၁၄၉၇၇၄) ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးကပြောသည်။

 

၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြံစိုက်ဧက ၁၇၀၂၀၀ ဧကစိုက်ပျိုးရန် လျာထားပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ၁၄၉၇၇၄ ဧကစိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

 

“ကြံစိုက်ပျိုးမှုက ကသာနဲ့ ထီးချိုင့်ဘက်မှာ အများဆုံးစိုက်တယ်။ ကန့်ဘလူမှာလည်း အတင့်သင့်ရှိတယ်။ ကသာနဲ့ ထီးချိုင့်ဘက်မှာ ကြံစိုက်ပျိုးမှုကို စီးပွားဖြစ်အနေနဲ့ စိုက်ပျိုးတယ်။ အဲ့ဘက်မှာ သကြားစက်ရုံရှိတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကြံစိုက်ဧကတွေက နောက်ထပ်လည်း သံကြားစက်ရုံနဲ့ ညှိနှိုင်းပြီး တော့ ဝယ်ယူနိုင်တဲ့ပမာဏ၊ ထုတ်လုပ်နိုင်တဲ့ပမာဏကြည့်ပြီးတော့ အထွက်နှုန်းတိုးတဲ့ကြံတွေကိုကြည့်ပြီးတော့ မျိုးပြောင်းပြီးတော့ စိုက်နေတယ်။ စက်ရုံနဲ့ပေါင်းပြီးတော့ ကြံစိုက်ဧကတွေအတွက် ချေးငွေပေးတာတို့၊ ကြိုတင် ငွေပေးတာတို့ ဆောင်ရွက်နေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်း လှိုင်ဦးကပြောသည်။

 

ကြံစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့တွင် စိုက်ပျိုးကြပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့မှာတော့ ကြံစိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း သိရသည်။

 

ကြံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပထမအခင်းသစ်စိုက်ပျိုးရာတွင် ကျပ်(၆)သိန်းနှင့် (၇)သိန်းကြား ကုန်ကျပြီး နောက်နှစ်လမိုင်းတွင် (စိုက်ပျိုးရာသီ)၌ ကုန်ကျစရိတ်မရှိကြောင်း ကြံစိုက်ပျိုးသူများက ပြော ဆိုသည်။

 

ဈေးကွက်အနေဖြင့် ထီးချိုင်‌မြို့နယ်၊ မောင်းကုန်းသကြားစက်နှင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်များမှ ဝယ်ယူနေသလို တောင်သူများအနေဖြင့်လည်း ကိုယ်တိုင်ကြံကြိတ်ကာ သကာအဖြစ်ပြန်လည်ရောင်းချမှုများ လည်းရှိသည်။

 

“ကြံစိုက်ပျိုးမယ်ဆိုရင် ပထမနှစ်အခင်းသစ်အတွက် အရင်းရဲ့တစ်ဝက်လောက်ဘဲ အမြတ်ရမယ်၊ နောက်နှစ်လ ပိုင်းဆိုရင် တစ်ခင်းလုံးအမြတ်ရမှာဖြစ်ပါတယ်၊ အခင်းသစ်စိုက်ပျိုးရင် တစ်ဧကကို (၆) သိန်း‌နဲ့ (၇) သိန်းကြား ကုန်ကျမှာ ဈေးကွက်အနေဖြင့် ကန့်ဘလူဇီးကုန်း သကြားစက်နှင့် ထီးချိုင့် မောင်းကုန်း သကြားစက်‌ အဲဒီ သကြားစက် (၂) ခုက  ဝယ်ယူနေပါတယ်၊ နောက်တစ်ခုက တောင်သူတွေက ကြံကို ကိုယ်တိုင်ကြိတ်ပြီးတော့ သကာရည်လုပ်ပြီး ရောင်းကျတယ်၊ မုံရွာခရိုင်၊ အရာတော်က ကြံစိုက်တောင်သူတွေကတော့ ကြံရည် အတွက်ဘဲ ဦးစားပေး စိုက်ပျိုးကျတာ တွေ့ရပါတယ်” စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်မိုးမှီတင်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးဖြစ်သည့် K-95/84၊ နဝဒေး-၄၊ ဖော်မိုဇာ၊ ဆင်း ရွှေလီမျိုးများကိုလည်း စိုက်ပျိုးကျကာ မိုးစိုက်နှင့် ရေတင်စိုက်များကို ဦးစားပေးစိုက်ပျိုးကြောင်း သိရသည်။

 

#PeopleMedia #ကြံစိုက်ပျိုးရေး #စစ်ကိုင်းတိုင်းဒေသကြီး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post