• Follow Us on

Home စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှု ၇ မှုဖြင့် ထောင်ဒဏ် ၂၁ နှစ် ချ မှတ်ခံရ

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှု ၇ မှုဖြင့် ထောင်ဒဏ် ၂၁ နှစ် ချ မှတ်ခံရ

Share this post

နေပြည်တော်၊ မတ် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှု ၇ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်နှုန်းဖြင့် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံလိုက်ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း စည်းကမ်းများဖောက်ဖျက်သဖြင့် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါ တန်ဖိုး ငွေကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင် မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့်ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ကြောင်း ပါရှိသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင်တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

 

၎င်းအပြင် မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနပိုင် အင်းမြေ စုစုပေါင်း ၅ ဒသမ၇၈ ဧကအား နိုင်ငံတော်ပိုင်မြေဖြစ်ကြောင်း သိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ ၅ ဒသမ ၇၈ ဧက၏ကာလတန်ဖိုး ငွေကျပ်သိန်း ၈၆၇၀  နစ်နာ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိ သည်။

 

မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ HIJET အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် ဂေဟာအဆောက်အဦတွင် အသုံးပြုရန် အတွက် တောင်းခံလှူဒါန်းစေခဲ့ခြင်း၊ ဂေဟာနှင့် တစ်ဆက်တည်း ရှိနေသော မြေဧက ၂ ဒသမ ၈၅ ဧကပေါ် တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာရရှိခြင်း မရှိသေး ဘဲ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ်အသုံးပြုထားသည့်အတွက် နိုင်ငံ တော်ပိုင် မြေ ၂ ဒသမ ၈၅ ဧက ဆုံးရှုံးနစ်နာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချ ထားပေးသည့် ရွှေသတ္တုလုပ်ကွက်များအနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက်တို့အတွက် တိုင်းဒေသကြီး ဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်က ရရှိမည့် အခွန်ငွေ ငွေကျပ်သိန်း ၂၉၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်း တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် မေ  ၁၇ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနှစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

အဆိုပါ အမှုများအပေါ်တွင်  ပြစ်မှုထင်ရှားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို ရာဇဝတ် ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ တို့အတွက် အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအမှု ခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။

 

#PeopleMedia #အဂတိ #ဒေါက်တာမြင့်နိုင် #စစ်ကိုင်း #ဝန်ကြီးချုပ်

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 


 



Share this post