• Follow Us on

Home စစ်သွေးကြွများကို တိုက်ခိုက်ရန် ကွန်ဂိုနိုင်ငံအတွင်းသို့ ယူဂန်ဒါတပ်များ ဝင်ရောက်လာခဲ့

စစ်သွေးကြွများကို တိုက်ခိုက်ရန် ကွန်ဂိုနိုင်ငံအတွင်းသို့ ယူဂန်ဒါတပ်များ ဝင်ရောက်လာခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁ (People Media)

 

ယူဂန်ဒါနိုင်ငံနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သည် ဟုစွပ်စွဲထားသောနာမည်ဆိုးဖြင့်ကျော်ကြားနေသည့်စစ်သွေးကြွများကိုပူးတွဲနှိမ်နှင်းသည့်စစ်ဆင်ရေး၏ အစိတ် အပိုင်းတစ်ရပ်အဖြစ် ယူဂန်ဒါတပ်များသည် ကွန်ဂိုနိုင်ငံအတွင်းသို့ နိုဝင်ဘာလ ၃၀ ရက်နေ့က ဝင်ရောက်လာခဲ့ ကြောင်းသိရသည်။

 

မဟာမိတ်ဒီမိုကရက်တစ်တပ်ပေါင်းစုခေါ် Allied Democratic Forces (ADF) လက်နက်ကိုင်အဖွဲ့ကို နံနက်ပိုင်း တွင် အမြောက်များဖြင့်ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်မှုများဖြင့်ပစ်ခတ်ကာ စစ်ဆင်ရေးစတင်လိုက်ကြောင်း နှစ်နိုင်ငံစလုံးက ကြေညာခဲ့သည်။

 

မြောက်ပိုင်းကီဗူးပြည်နယ်ရှိ နိုဘီလီနယ်စပ်စခန်းကိုဖြတ်ကျော်၍ ကွန်ဂိုနိုင်ငံအတွင်းသို့ ယူဂန်ဒါတပ်ဖွဲ့ဝင်အများ အပြားဝင်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦးနှင့် NGO ဝန်ထမ်းတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

 

“လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့အတူ သံချပ်ကာကားတွေကိုပါတွေ့လိုက်ရ ပါတယ်” ဟု NGO ဝန်ထမ်းကပြောသည်။

 

“ကြိုတင်ကြေညာထားတဲ့အတိုင်းပဲ ယူဂန်ဒါတပ်မတော်က ဒီကနေ့ လေကြောင်းထိုးစစ်နဲ့အတူ အမြောက်များ ကို ADF အကြမ်းဖက်သမားတွေဆီကို ပစ်ခတ်ခဲ့ပါတယ်” ဟု ကွန်ဂိုအစိုးရပြောခွင့်ရပုဂ္ဂိုလ်နှင့် ဆက်သွယ်ရေး ဝန်ကြီး ပါထရစ်မူယာယာက တွစ်တာတွင်ရေးသားခဲ့သည်။

 

အင်္ဂါနေ့ (နိုဝင်ဘာလ ၃၀ ရက်) အစောပိုင်းက ပစ်ခတ်ခဲ့ရာ ပစ်မှတ်များကို တိတိကျကျထိရောက်စွာပစ်ခတ်နိုင် ခဲ့ကြောင်း ယူဂန်ဒါတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဖလာဗီယာဘွေးကွာဆိုက ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

 

“ယခုမနက်ပိုင်းလေကြောင်းတိုက်ခိုက်မှုဒဏ်ခံလိုက်ရသော ADF စခန်းများကို ရှင်းလင်းတိုက်ထုတ်ရန်အတွက် နယ်မြေရှင်းလင်း ထိန်းချုပ်ရန် ယူဂန်ဒါအထူးတပ်ဖွဲ့ဝင်များထောက်ပံ့ထားသည့် ကွန်ဂိုအထူးတပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးတာဝန်များဆောင်ရွက်မည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာချက်တွင် ကွန်ဂိုတပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်လီယွန် ရစ်ချတ်ကာဆန်ဂါက ပြောသည်။

 

ကွန်ဂိုသမ္မတ ဖိလစ်ချီစီကယ်ဒီ (Felix Tshisekedi) ယူဂန်ဒါတပ်များကို ကွန်ဂိုနိုင်ငံအတွင်းဝင်ခွင့်ပေးလိုက်ပြီး နောက် နှစ်ရက်အကြာတွင် လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ADF အကြမ်းဖက်အဖွဲ့ သည် အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်ကြောင်း သိရသည်။

 

ADF အကြမ်းဖက်အဖွဲ့သည် ၂၀၁၃ ခုနှစ်ကတည်းက အပြစ်မဲအရပ်သား ၆,၀၀၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ ကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက မြောက်ပိုင်း ကီဗူးပြည်နယ် ဘီနီမြို့တစ်မြို့တည်းတွင် လူပေါင်း ၁၂၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ကွန်ဂိုနိုင်ငံရှိ ကက်သလစ်ဘုရားကျောင်းက ပြောသည်။

 

ADF အကြမ်းဖက်အဖွဲ့သည် စနစ်တကျစီမံထားသောတိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြောင်း ယူဂန်ဒါအာဏာ ပိုင်များက မကြာသေးမီက စွပ်စွဲပြောဆိုလိုက်သည်။

 

ADF အဖွဲ့သည် ယူဂန်ဒါသမ္မတ ယိုဝီရီမူဆီဗီနီ (Yoweri Museveni) ကို ဆန့်ကျင်နေသော မူလဆင်များဖြင့်ဖွဲ့ စည်းထားသည့် ယူဂန်ဒါသူပုန်များနှင့် မဟာမိတ်ဖွဲ့ထားသောအဖွဲ့လည်းဖြစ်သည်။

 

Ref: Ugandan Troops Enter DR Congo in Hunt for Deadly Militia

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ugandan Troops Enter DR Congo in Hunt for Deadly Militia

 

#PeopleMedia


Share this post