• Follow Us on

Home စိုက်ပျိုးရေးထုတ်ကုန်များအရှုံးပေါ်မှုမရှိစေရန် စီမံဆောင်ရွက်ပေးဖို့ န-စ-က ဥက္ကဋ္ဌ ပြောဆို

စိုက်ပျိုးရေးထုတ်ကုန်များအရှုံးပေါ်မှုမရှိစေရန် စီမံဆောင်ရွက်ပေးဖို့ န-စ-က ဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

မိမိတို့ တာဝန်ယူသည့်ကာလအတွင်း စိုက်ပျိုးရေးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ ချေးငွေများ ထုတ်ပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးများကို မှာကြားခဲ့ခြင်း ဖြစ်သည်။

 

မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍ ကမ္ဘာ့ဈေးကွက်မှ ပြည်ပဝင်ငွေရရှိအောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်၊ နွေစပါးစိုက်ပျိုးဧက ၂ သန်းခန့် စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းတွင် တစ်ဧက တင်း ၁၀၀ နှုန်းထွက်ပါက လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်မှုရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိသဖြင့် လူဦးရေ ၄၅ သန်းစာ ပိုလျှံမှု ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

 

ပြည်ပသို့ဆန်များစွာ တင်ပို့နိုင်ကြောင်း၊ သို့သော် တစ်ဧကစပါးအထွက်နှုန်းတင်း ၁၀၀ မပြည့်သည့်အတွက် ပြည်ပနိုင်ငံများသို့ မျှော်မှန်းသလို တင်ပို့နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး သက်ဆိုင် ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆက် လက်ပြောသည်။

 

သွင်းအားစုများ အသုံးပြုခြင်းနှင့် မျိုးကောင်းများအသုံးပြုပြီး ကောက်ကွက်ပြည့်အောင် စနစ်တကျစိုက်ပျိုး ခြင်းဖြင့် စပါးများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် တောင်သူများဝင်ငွေ ပိုမိုကောင်းမွန်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #စိုက်ပျိုးရေး

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 



Share this post