• Follow Us on

Home ဆင်ဘိုဒေသခံ လူငယ်များအား မူးယစ်ဆေး ဖြတ်ပေးမည်ဆိုကာ KIA စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထား

ဆင်ဘိုဒေသခံ လူငယ်များအား မူးယစ်ဆေး ဖြတ်ပေးမည်ဆိုကာ KIA စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထား

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့၊ ဆင်ဘိုဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ လူငယ်များအား မူးယစ်ဆေး ဖြတ်ပေးမည် ဟုဆိုကာ ကျွဲပွဲစား သုံးဦးမှ လာရောက်စည်းရုံး ခေါ်ဆောင်သွားပြီး KIA စစ်သင်တန်းကျောင်းသို့ ပို့ဆောင် ထားကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) ထံမှ သိရသည်။
ယင်းသို့ ပို့ဆောင်ခံရသည့် လူငယ်များမှာ စုစုပေါင်း ၁၀ ဦး ကျော်ရှိပြီ ဖြစ်ကြောင်းနှင့် အဆိုပါ ကျွဲပွဲစားများက ဒေသခံ လူငယ်များကို ဇူလိုင် ၂၃ ရက်၊ သြဂုတ်လ ၈ ရက်နှင့် စက်တင်ဘာလ ၂ရက် စသည့် နေ့များတွင် ဆိုင်ကယ် ကယ်ရီများ လှေများနှင့် တစ်ရက်ခြားစီ လာရောက် ခေါ်ဆောင်သွားကြပြီး လိုင်ဇာမြို့ရှိ ဘိန်းဖြတ်စခန်းသို့ ပို့ဆောင်ကာ အိမ်ပြန်မလွတ်ဘဲ KIA စစ်သင်တန်းကျောင်းသို့ ဆက်လက် ပို့ဆောင်ခဲ့ကြသဖြင့် ယခုလက်ရှိတွင် ဆင်ဘိုဒေသခံမှ ဘိန်းဖြတ်ပေးမည်ဆိုကာ ခေါ်ဆောင်ခံရသည့် လူငယ်များမှာ လိုင်ဇာတွင် သင်တန်းတက်ရောက်နေကြရကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ (S.E.A) ဆင်ဘိုမြို့ တာဝန်ခံ ဦးမျိုးဝင်း က ပြောသည်။
“မိဘတွေက ကျွန်တော့်ကို ငိုပြီးလာအကူအညီ တောင်းကြတယ်။ သူတို့ပြောတာတော့ သုံးလ သင်တန်းတက်ပြီးရင် လိုင်ဇာတပ်ရင်းမှာ နေရာချပြီး တာ၀န်ပေးမယ် ပြီးမှ ဒီဆင်ဘိုကို တာ၀န်နဲ့ ပြန်လာမယ်ပေါ့။ မ်ိဘတွေက မူးယစ်ဆေးဖြတ်ပေးမယ်ဆိုလို့ ထည့်ပေးလိုက်တာ အခုကျွန်တော်တို့ကနေ ခေါ်သွားတဲ့သူတွေရဲ့ အကြောင်း အသေးစိတ်မေးမြန်းပြီး အချက်အလက်တွေကို ရုံးချုပ်ကို တင်ပြ အကူညီတောင်းထားတယ်” ဟု ဦးမျိုး၀င်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆင်ဘိုမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ကို ဆက်သွယ် မေးမြန်းရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်က သက်ဆိုင်ရာ ရွာများတွင် ရှိသည့် အုပ်ချုပ်ရေးမှူးများအား မေးမြန်းထားပြီး အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တင်ပြလာခြင်း မရှိသေးကြောင်း ပြောသည်။
“လူသစ် စုဆောင်းခံရတဲ့ ဒေသခံလူငယ်တွေရဲ့ မိဘတွေက လာပြီးတိုင်တန်းတာတော့ မရှိသေးဘူး၊ သက်ဆိုင်ရာ ရွာအုပ်ချုပ်ရေးမှူး တွေကို မေးထားတာလဲ ပြန်လည်တင်ပြတာ မရှိသေးဘူး” ဟု ဆင်ဘိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်က ဆိုသည်။
အဆိုပါ ဒေသတွင် မူးယစ်ဆေးဝါးသည် အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ပြဿနာ တစ်ခုဖြစ်နေပြီး အချို့ရွာများတွင် အသုဘ ကိစ္စများတွင် မူးယစ်ဆေးဝါးများ ချထားပေးခြင်းမရှိပါက အလာနည်းသည်များရှိနေကြောင်း၊ ထို့ကြောင့် မိဘများမှ ၄င်းတို့၏ သားသမီးများကို မူးယစ်ဆေးဖြတ်ပေးမည် ဆိုသောကြောင့် ထည့်ပေးလိုက်ရခြင်း ဖြစ်မည်ဟု ဆင်ဘိုမြို့ ရပ်ဖိရပ်ဖ တစ်ဦးဖြစ်သူ ဦးညွှန့်မောင်က ပြောသည်။
“အတင်းအဓမ္မ ခေါ်သွားတယ်လို့လဲပြောလို့မရဘူး ဒီဘက်က ဘိန်းဖြတ်မယ်၊ စရိတ်တွေလဲ မလိုဘူးဆိုတော့ ကုန်ကျစရိတ်မရှိတော့ သွားကြတယ်နဲ့ တူတယ်။ ခေါ်တာကတော့ ကျွဲ၊ နွား လာ၀ယ်တဲ့သူတွေပဲ။ သူတို့ကနေ တစ်ဆင့် သွားပြီး ပို့တဲ့သဘောပဲ” ဟု ၎င်းကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်း – သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) မှဒီဇင်ဘာလ ၈ရက်နေ့က ဆင်ဘိုဒေသအတွင်းမှ ရှိသည့် ဒေသခံများလူငယ်အား ကေအိုင်အေမှ ဘိန်းဖြတ် ပေးမည်ဟုဆိုကာ တပ်သားသစ် စုဆောင်းခြင်းအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ စာဖြင့်တင်ပြထားကြောင်း သိရသည်။
ဆင်ဘိုမြို့အထက်ပိုင်း မံဖွားနှင့် တာဟိုးနား ရွာများက လူငယ်များကို မူးယစ်ဆေး ဖြတ်ပေးမည်ဟု ဆိုကာ လာရောက် ခေါ်ဆောင်သွားသည့်သူများမှာ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ ဖားကေကျေးရွာနေ ဦးသန်းရွှေ(ခ)လောဝ်လျန်နှင့် ဆင်ဘိုမြို့၊ တာဟိုးနားကျေးရွာနေ ဦးဖိုးသဲတို့ ဖြစ်သည်ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ (S.E.A) သိရသည်။
သက်ပိုင်
(unicode)
……………………………….

Share this post