• Follow Us on

Home တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် TNLA နှင့် ညှိနှိုင်းဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း RCSS ဒုဗိုလ်မှူးကြီး အုမ်ခေးပြော

တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် TNLA နှင့် ညှိနှိုင်းဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း RCSS ဒုဗိုလ်မှူးကြီး အုမ်ခေးပြော

Share this post

ရှမ်း၊ ဒီဇင်ဘာ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် တိုက်ပွဲများဖြစ်နေမှုအပေါ် ညှိနှိုင်း ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။ ယခုလအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြသည့်အပေါ် People Media က ဆက်သွယ်မေးမြန်မှုကို ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။ “TNLA ပြောတာကတော့ RCSS က နယ်မြေကျော်လွန်တယ်ပေါ့လေ၊ ဒါပေမဲ့ အဲ့ဒီယူဆချက်က မဟုတ်ဘူး ဖြစ်နေတယ်၊ ကျောက်မဲတို့ နမ်းခမ်းတို့မှာ RCSS တပ်ဖွဲ့ရှိနေတာ နှစ်ပေါင်း ၃၀ ကျော်ပြီ၊ အခုမှ ထလာပြီး RCSS နယ်မြေကျော်လွန်တယ်ဆိုပြီး၊ အကြောင်းပြချက်နဲ့ တိုက်ပွဲတွေ ဆင်နွဲနေတော့ သိပ်မမှန်ဘူးပေါ့၊ တိုက်ပွဲ ဖြစ်နေတာတွေနဲ့ပက်သက်ပြီးလည်း ညှိနှိုင်းဆွေးနွေးဖို့လည်း အမြဲတမ်း တံခါးဖွင့်ထားတယ်” ဟု ဒုတိယဗိုလ်မှူး ကြီးအုမ်ခေးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ပိန်းလုံကျေးရွာအနီးနှင့် ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း) ကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် RCSS နယ်မြေခံတပ်ရင်းနှင့် TNLA တပ်ဖွဲ့များ ဒီဇင်ဘာလ ၁၇ ရက် နေ့မှစ၍ ထိပ်တိုက်တွေ့ဆုံကာမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ဒီဇင်ဘာ ၂၅ ရက်မှစ၍ လွယ်အံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခုနစ်ရွာမှ ဒေသခံ ၇၀၀ကျော်မှာ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်နေခဲ့ရကြောင်း ရှမ်းပြည်မြောက်ပိုင်း လူမှုကူညီရေးအသင်းများမှ သိရသည်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို အိုမ်တမာဝ်(လူမှုကူညီရေးအသင်း)နှင့် မိတ်ဖက်အဖွဲ့ အစည်းများ ချိတ်ဆက်ပူးပေါင်း၍ မော်တော်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး၊ ကျောက်မဲမြို့ ပိန်နဲ ကုန်းကျေးရွာရှိ ဝါဆိုကျောင်းတိုက်တွင် ထားရှိကြောင်း သိရသည်။ အဆိုပါ သတင်းနှင့်ပက်သက်ပြီး TNLA တာဝန်ရှိသူများထံ People Media ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းများ ဆက်ပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

Photo – Credit

Photo – Credit #PeopleMedia


Share this post