• Follow Us on

Home တိုင်းရင်းသားများ မြန်မာပြည်ထဲပြန်လာချင်ပါက မဖြစ်ဖြစ်အောင် စီစဉ်ပေးမယ်လို့ န-စ-က ဥက္ကဋ္ဌ ပြောဆို

တိုင်းရင်းသားများ မြန်မာပြည်ထဲပြန်လာချင်ပါက မဖြစ်ဖြစ်အောင် စီစဉ်ပေးမယ်လို့ န-စ-က ဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၇ (People Media)

 

ကျွန်တော်တို့ တိုင်းရင်းသားများ မြန်မာပြည်ထဲပြန်လာချင်ပါက မဖြစ်ဖြစ်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ ပြီးခဲ့တဲ့လဆန်းပိုင်းလောက်မှာ အိမ်နီးနားချင်း တိုင်းပြည်တွေမှာလည်း ကျွန်တော်တို့လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိနေတယ်၊ သူတို့လဲပြန်လာချင်ကြတယ်၊ ပြန်လာချင်ကြတော့ ကျွန်တော်ပြန် ခေါ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးတော့ ပြန်ခေါ်ခိုင်းပါတယ်။ ကိုယ့်လူမျိုးတွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည်အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှ အားလုံး။ ကျွန်တော်တို့က အစိုးရဆိုတာ အရိပ်ပါပဲ၊ နိုင်ငံတော်ကိုပေးထားတဲ့အရိပ်တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေအေးမြတဲ့ဟာကို ခံစားအောင်ဆိုပြီး ကျွန်တော် ဒါလဲ ကျွန်တော်ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်း တာပါ။ ခေါ်လိုက်ပါ သဘောတူပါတယ်။ အရင်က ပိတ်ပါတယ်၊ ခေါ်လို့မရပါဘူး။ ကျွန်တော့်လက်ထက်မှာ အခု အကုန်လုံးကို ပြန်ခေါ်ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားရာတွင် “ကျွန်တော်တို့ အစိုးရ အနေနဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေကို ပစ်မထားပါဘူး။ ခုနကပြောတဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ တခြားကိစ္စနဲ့ပတ်သက်ရင်လည်း ဒီလိုပဲ၊ အခက်အခဲရှိရင် ဆက်သွယ် မြန်မာသံရုံးတွေရှိတယ်။ မဖြစ်ဖြစ်အောင် ရအောင်စီစဉ်ပေးမယ်။ တိုင်းပြည်အတွင်းမှာ လာခဲ့ဗျာ၊ ပြဿနာရှာလည်းရှာ ကိစ္စမရှိဘူး။ ကျွန်တော် အဲ့ဒီ လောက်ထိတော့ စိတ်ရှည်တယ်ဗျ။ သူတို့အပေါ်မှာ။ တော်တော်လေးသည်းခံတာ။ တိုင်းရင်းသားနဲ့ ပတ်သက် ရင် ကျွန်တော်တို့က ဒီလိုစိတ်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ကိုယ့်လူမျိုးတွေကလည်း စောစောကပြောတဲ့ သူ့ရဲ့ သက်ရှည်ကျန်းမာရေးအတွက် ကျွန်တော်တို့အစိုးရများက စနစ်တကျကိုင်တွယ်ပြီး တော့မှ ကိုယ့်ရဲ့သားချင်းလို သဘောထားပြီးတော့မှ မျှမျှတတစီမံဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ စိတ်ရှည် ပေးပါလို့လည်းပြောလိုပါတယ်။ စေတနာထားပြီးလုပ်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

#PeopleMedia #တိုင်းရင်းသား

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 



Share this post