• Follow Us on

Home ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်းအခွန်ထမ်းလိုသည့်စိတ်များရှိရန် လိုအပ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်းအခွန်ထမ်းလိုသည့်စိတ်များရှိရန် လိုအပ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

မိမိတို့အနေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်း အခွန် ထမ်းလိုသည့်စိတ်များရှိရန်လိုကြောင်း၊ အချို့ပြည်သူများသည် လုပ်ငန်းများ ဆောင်ရွက်ကြသော်လည်း အခွန်ထမ်းခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အခွန်ငွေများ ပြည့်ပြည့်ဝဝရရှိမှသာ နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန်မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ တတိယလှိုင်းတွင် ဖြစ်ပွားမှုများ များပြားခဲ့သော် လည်း ယခုအခါ ကူးစက်မှုနှုန်းအနိမ့်ဆုံးနှင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဆက် လက်ထိန်းသိမ်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုနှုန်း နည်းပါးလာခြင်းသည် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုများကြောင့်ပင်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ရန်ကုန်မြို့နေ ပြည်သူများကို အသိအမှတ်ပြု ချီးကျူးပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

 

ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အများစုသည် ရန်ကုန်မြို့တွင် အလုပ်အကိုင်အခွင့်အလမ်းများရှိသဖြင့် လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင်များရရှိအောင် စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်မြို့ပြကွာဟမှုကို လျှော့ချလျက်ရှိကြောင်း၊ သို့မှသာ ကျူးကျော်နေထိုင်သူများ၏ ပြဿနာများ ပြေလည်သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်ပြဿနာများကို ဖြေရှင်း နိုင်ခြင်းဖြင့် မြို့သာယာလှပရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

 

လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး အတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အား ချွေတာရေးအတွက် မသုံးသင့်သည့်နေရာများတွင် မီးများအသုံးပြုမှု မရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ လျှပ်စစ်မီးသက်သာစေသည့် LED မီးများကို ပြောင်းလဲ အသုံးပြုပါက လျှပ်စစ်ဓာတ်အားချွေတာမှုကို ဖြစ်ပေါ်စေသကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #အခွန်

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 



Share this post