• Follow Us on

Home နစက အစိုးရ (၇၇) နှစ်မြောက် တပ်မတော်နေ့မှာ ဘာကြောင့် ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပေးခဲ့သလဲ

နစက အစိုးရ (၇၇) နှစ်မြောက် တပ်မတော်နေ့မှာ ဘာကြောင့် ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပေးခဲ့သလဲ

Share this post

“အစိုးရကိုဝေဖန်လို့၊ တပ်မတော်ကိုဝေဖန်လို့၊ တပ်မတော်နဲ့ ရင်းနှီးကျွမ်းဝင်လို့ တပ်မတော်ထောက်ခံသူမို့လို့ ဆိုပြီး အခုလို ချီးမြှင့်ခံရတာမျိုးမဟုတ်ပါဘူး။ အစိုးရကို ဝေဖန်နေပေမဲ့ နိုင်ငံတော်အတွက် အကျိုးပြုရင်လည်း ဒီလိုဆုမျိုးတွေပေးပါတယ်။”

 

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်တဲ့ (၇၇) နှစ်မြောက် တပ်မတော်နေ့မှာ နစကအစိုးရအနေနဲ့ နိုင်ငံတော် အတွက် စွမ်းစွမ်းတမံ ထူးကဲစွာဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲရေးကဏ္ဍတွေမှာ ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနဲ့ အခြားသော ပညာရပ်တစ်ခုခုမှာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်တွေအပြင် စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်ပေးခဲ့တာ တွေ့ရပါတယ်။

 

တပ်မတော်နေ့မှာ နစကအစိုးရအနေနဲ့ ချီးမြှင့်အပ်နှင်းခဲ့တဲ့ ဘွဲ့တံဆိပ်တွေကိုကြည့်ရင် စည်သူဘွဲ့ ၁ ဦး၊ သီရိ ပျံချီဘွဲ့ ၉ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၅ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၄၅ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ ၂၅ ဦး၊ သိပ္ပကျော် စွာဘွဲ့ ၂ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၃ ဦး၊ ရဲဗလတံဆိပ် ၄၁၅ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ၁၀၁ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ၇၀ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၅၅ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ၅၄ ဦး၊ လူမှု ထူးချွန်တံဆိပ်(ဒုတိယဆင့်)၁၁ဦး၊ လူမှုထူးချွန်တံဆိပ် (တတိ ယဆင့်)၁၀ ဦး၊ ဝန် ဆောင် စီးပွား ထူးချွန်တံဆိပ် (တတိယဆင့်)  ၁၁ ဦး၊ သိပ္ပံပညာ ထူးချွန်တံဆိပ် (ဒုတိယ ဆင့်) ၁ ဦး၊ သိပ္ပံ ပညာ ထူးချွန်တံဆိပ်(တတိယဆင့်)၁ဦး၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ်(ပထမဆင့်)၂ ဦး၊ ဆေးပညာ ထူးချွန်တံဆိပ် (ပထမဆင့်) ၃ ဦး၊ ဆေးပညာထူးချွန်တံဆိပ် (တတိယဆင့်) ၁ ဦး၊ နည်းပညာ ထူးချွန်တံဆိပ်(ပထမဆင့်)၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ၂၄ ဦး၊ နည်းပညာ ထူးချွန်တံဆိပ် (တတိယဆင့်) ၁၆ ဦး၊ အနုပညာ ထူးချွန်တံဆိပ်(ပထမဆင့်) ၉ ဦးနဲ့ စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) ၁ ဦးတို့ကို မြှင့်ခဲ့တာတွေ့ရပါ တယ်။

 

ဒီလိုဘွဲ့ထူးဂုဏ်ထူးချီးမြှင့်တာတွေကို ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့မှာချီးမြှင့်ကြေညာလေ့ရှိပေမဲ့ အခုနှစ်မှာ တော့ (၇၇)နှစ်မြောက် တပ်မတော်နေ့မှာကြေညာပြီးချီးမြှင့်ခဲ့တာဟာ ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘွဲ့ထူး၊ ဂုဏ်ထူး ချီးမြှင့်တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘယ်သူတွေက ရသင့်တယ်၊ ဘယ်သူတွေက မရသင့်ဘူးစတဲ့ဝေဖန်သံတွေလည်း သောသောညံခဲ့ပါတယ်။ ဒီလိုဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌကိုယ်တိုင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့တဲ့အပြင် ဝန်ကြီးဌာနအလိုက် ထောက်ခံတင်ပြလာသူတွေကို တာဝန်ရှိသူများနှင့် စိစစ်ရွေးချယ်ပြီး ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

 

ဒီလိုရွေးချယ်ရာမှာလည်း ဘွဲ့ထူး၊ ဂုဏ်ထူးအလိုက် သတ်မှတ်ချက်တွေရှိပါတယ်။ စည်သူဘွဲ့များအတွက် အရည်အချင်းမှာ နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူများနဲ့ အကျိုးဆောင်သူတွေကိုပေးအပ်တဲ့ဘွဲ့ပဲ ဖြစ်ပါတယ်။ ဝဏ္ဏကျော်ထင်ဘွဲ့ဆိုရင် အများပြည်သူတို့၏ ကောင်း ရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်ခဲ့ တာဖြစ်သလို၊ စီမံထူးချွန်ဆိုလျှင် နိုင်ငံတော်တိုး တက်ဖွံ့ဖြိုးမှုအတွက်ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ သစ္စာကိုစောင့်သိရိုသေ၍ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့အပြင် သက်ဆိုင်ရာလုပ်ငန်းများမှာ ကျွမ်းကျင်နှံ့စပ်ပြီး စီမံခန့်ခွဲရေးပိုင်းတွင် ထူးချွန်မှုရှိသူ၊ ဥပဒေ၊ နည်းဥပဒေစည်းမျဉ်း စည်းကမ်းတွေကို ထိန်းသိမ်းလိုက်နာကျင့်သုံးရာတွင် စံပြဖြစ်တဲ့ သူတွေကို စိစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လူမှုထူးချွန်တံဆိပ် ချီးမြှင့်ရာမှာလည်း ပြည်သူတွေအတွက် ပညာ ရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုတို့မှာ ဂုဏ်ပြုလောက်အောင် ကြိုးပမ်းဆောင်ရွက်တဲ့အပြင် လူမှုရေးဆိုင်ရာလုပ်ငန်းတစ်ရပ်ရပ်မှာ စံပြလောက်အောင် စွမ်းဆောင်နိုင်တဲ့သူတွေကို ရွေးချယ်ခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။

 

ဒီလိုချီးမြှင့်ခဲ့တဲ့နေရာမှာအချို့သေပြီးသူတွေ၊ မရှိတော့တဲ့သူတွေကို ပေးတယ်ဆိုပြီးတော့ ဝေဖန်မှုတွေကလည်း ရှိနေသေးပါတယ်။ အဲဒါကလည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကာလကနေ လက်ရှိကာလ ၇၅ နှစ်အတွင်း နိုင်ငံအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ စွမ်းစွမ်း တမံ ကြိုးပမ်းအားထုတ်ပေးခဲ့သူတွေကို ဆုချီးမြှင့်ခဲ့ တာကြောင့် သေဆုံးသူတွေလည်း ပါခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုချီးမြှင့်ခဲ့တာကလည်း ၂၀၂၃ ခုနှစ် စိန်ရ တုလွတ်လပ်ရေးနေ့ ကျင်းပမယ့်အခမ်းအနားမှာ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ဖို့အတွက် အဓိကရည်ရွယ်ပြီး တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်ခဲ့တဲ့ စာပေ၊ အနုပညာရှင်စတဲ့ နယ်ပယ်အသီးသီးကနေပြီး ပဏာမအဆင့် ရွေးချယ်ပြီးမှ အတည်ပြုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရွေးချယ်ရတဲ့ အချိန်ကာလ အချိန်တိုတဲ့အတွက် လွှဲချော်မှုရှိကောင်း ရှိနိုင်သလို၊ မရသင့်သူတွေရသွားတာ၊ ရသင့်တဲ့သူတွေမရတာရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ နယ်ပယ်အသီးသီးကနေပြီး စနစ်တကျနဲ့ တင်ပြလာမှုတွေကို စိစစ်ရွေးချယ်ပြီး ဒီကာလမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ကျွမ်းကျင်ရာပညာရပ်တွေနဲ့ ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြလို့ ချီးမြှင့်တဲ့ဆုတွေ ဖြစ်ပါတယ်။

 

အနုပညာရှင်၊ စာပေပညာရှင်တွေကို ပေးအပ်ချီးမြှင့်တဲ့နေရာမှာလည်း သူတို့ရရှိခဲ့တဲ့ အကယ်ဒမီရရှိမှု အခြေ အနေနဲ့ နိုင်ငံတော်အတွက် ကျရာတာဝန်၊ ပေးအပ်ခံရတဲ့ တာဝန်တွေမှာ ကျေပွန်စွာဆောင်ရွက်နိုင်မှုတွေကို ကြည့်ပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အစိုးရကိုဝေဖန်လို့၊ တပ်မတော် ကိုဝေဖန်လို့၊ တပ်မတော်နဲ့ ရင်းနှီးကျွမ်း ဝင်လို့ တပ်မတော်ထောက်ခံသူမို့လို့ဆိုပြီး အခုလို ချီးမြှင့်ခံရတာမျိုးမဟုတ်ပါဘူး။ အစိုးရကို ဝေဖန်နေပေမဲ့ နိုင်ငံတော်အတွက် အကျိုးပြုရင်လည်း ဒီလိုဆုမျိုးတွေပေးပါတယ်။ ဥပမာအားဖြင့် အလင်္ကာကျော်စွာ ဘွဲ့ချီးမြှင့် ခံရသူ ဒေါက်တာ သော်ကောင်းတို့၊ ဦးခင်မောင်စိုး(မောင်ပေါ်ထွန်း) တို့ဆိုရင် အစိုးရကို ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ နိုင်ငံအတွက် အကျိုးပြုခဲ့ဖူးသူတွေဖြစ်နေတာကြောင့် အခုလို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို အနုပညာရှင် တစ်ယောက်နှစ်ယောက်က သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ လူပြိန်းကြိုက်၊ CDM ကြိုက်တွေ ထေ့ငေါ့ရေးသားခဲ့ တာတွေ တွေ့ရပါတယ်။ ဘယ်လိုစိတ်ကူးနဲ့ရေး သလဲဆိုတာ သူတို့အသိဆုံးဖြစ်မှာပါ။ နိုင်ငံတော်က ထိုက် ထိုက်တန်တန်ပေးတာကို ကန့်လန့် တိုက်တာတွေကတော့ ကိုယ့်သမိုင်းနဲ့ကိုယ်သာ ရှိပါလိမ့်မယ်။ မည်သို့ ပင်ဝေဖန်မှုတွေရှိ နေစေကာမူ ဒီလိုချီးမြှင့်အပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်တွေဟာ အစိုးရကို ကိုယ်စားပြုတာလည်းမဟုတ်ဘူး၊ တပ်မတော်ကိုယ်စားပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတော်ကို ကိုယ်စားပြုပြီး ချီးမြှင့်နေတာဖြစ်တဲ့အတွက်ကြောင့် လာမယ့် ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့မှာ အနုပညာရှင်တွေအပြင် အခြားသောကဏ္ဍအသီးသီးက တတ်သိပညာရှင်တွေအနေနဲ့ နိုင်ငံအတွက် စွမ်းစွမ်း တမံကြိုးစားဆောင်ရွက်မှုတွေရှိနေရင်တော့ အစိုးရကိုဝေဖန်သူများဖြစ်နေပါစေဆုတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်လက်ချီးမြှင့်နေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။

 

သော်တာ

 

(unicode)


 


……………………………………………………….

 


 


 


 


 


 


 



Share this post