• Follow Us on

Home န-စ-က မှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်သည့် ဦးအောင် ကျော်ဇံ၊ ဦးကျော်အေးသိန်း၊ ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ

န-စ-က မှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်သည့် ဦးအောင် ကျော်ဇံ၊ ဦးကျော်အေးသိန်း၊ ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

န-စ-ကမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြား မှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖွဲ့စည်းစစ်ဆေးခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရှိရသည်။

 

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဦးညီပု၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့ကို အမှုဖွင့်ထား ခြင်းဖြစ်သည်။

 

၎င်းတို့အားလုံးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နှင့် စစ်တွေမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့သည် ဂွမြို့၊ ရွာမနှင့် ကင်းရုံးရပ်ကွက် ကြားရှိ ဂွချောင်းဂုံးသောင်မြေနေရာတွင် တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်မှု၊ နိုင်ငံပိုင်အဆောက်အဦး ၃ ခုကို အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းမှုနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၈၆၅ သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှာ မထည့်သွင်းဘဲ ဆက်လက်သုံးစွဲခဲ့မှုနှင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို ဈေး ၅ ဈေးဆောက်လုပ်ရာတွင် လုပ်ထုံးလုပ် နည်းနှင့်မကိုက်ညီမှု၊ တောင်ကုတ်မြို့မဈေးတည်ဆောက်ရာမှာ သတ်မှတ်တင်ဒါဈေးထက် ကျပ်သန်း ၁၇၀ ပိုပြီး စာချုပ်ချုပ်ဆိုခဲ့သည့်အတွက်အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

#PeopleMedia #နစက #ဦးညီပု

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post