• Follow Us on

Home ပထမဦးဆုံး ဒတ်ချ်ဒီဇိုင်း ပြည်တွင်းထုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ် ဗီယက်နမ်လက်ခံရရှိ

ပထမဦးဆုံး ဒတ်ချ်ဒီဇိုင်း ပြည်တွင်းထုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ် ဗီယက်နမ်လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃ (People Media)

 

ဗီယက်နမ်ပြည်သူ့ရေတပ်မတော်သည် ပထမဦးဆုံး ပြည်တွင်းထုတ် MSSARS 9316 အဆင့် (ဘက်စုံသုံး ရေငုပ်သဘောၤကယ်ဆယ်ရေးရေယာဉ်) အား လက်ခံရရှိခဲ့သည်။

 

ဟိုင်ဖောင်ဆိပ်ကမ်းမြို့ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအထွေအထွေဦးစီးဌာန၏ နိုင်ငံတော်ပိုင်စက်ရုံ Z189 တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က အခမ်းအနားတစ်ခုကျင်းပခဲ့သည်။

 

ယင်းအခမ်းအနားသို့ ဗီယက်နမ်ပြည်သူ့ရေတပ်မတော်၏ ရေတပ်ဗိုလ်ချုပ်ကြီး ထရန်ထရန့်ငုယမ်၊ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးအထွေအထွေဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် လာင်သန်ချောင်နှင့် ဒတ်ချ်သင်္ဘောတည်ဆောက်ရေးအုပ်စု Damen Group မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

 

ရတ်ကီယူ (၉၂၇) အမည်ရှိ ယင်းရေယာဉ်ကို Rescue Gear MSSARS 9316 ဒီဇိုင်းကို အခြေခံပြီး Damen Group က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

 

သို့သော် ဒတ်ချ်သင်္ဘောတည်ဆောက်ရေးအုပ်စုနှင့် ဗီယက်နမ်အစိုးရတို့ကြား သဘောတူစာချုပ်၏ အစိတ် အပိုင်းအဖြစ် ယင်းရေယာဉ်ကို ပြည်တွင်း၌တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါရေယာဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး Damen Group နှင့် Lloyd’s Register အဖွဲ့တို့ ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် ဆာက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းရေယာဉ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ရေချခဲ့သော်လည်း လိုအပ်သောရေယာဉ်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများတပ်ဆင်ရန် တစ်နှစ်ကျော်အချိန်ယူခဲ့ရသည်။

ရတ်ကီယူရေယာဉ်သည် တန်ချိန် ၃၉၅၀ တန်၊ အလျား ၉၃. ၁၁ မီတာ၊ အနံ ၁၅. ၉၉ မီတာ၊ အမြင့် ၇. ၂၀ မီတာနှင့် အမြင့်ဆုံးရေစူး ၄. ၂၅ မီတာ ရှိသည်။

 

ရေယာဉ်သည် အမြင့်ဆုံးရေမိုင် တစ်နာရီ ၁၆ မိုင်မောင်းနှင်နိုင်ပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း ၃၀ ကြာခုတ် မောင်းနိုင်ကာ ရေမိုင် ၄၀၀၀ အထိ မောင်းနှင်သွားလာနိုင်သည့် ခေတ်မီမောင်းနှင်မှုစနစ်တပ်ဆင်ပြီး အဆင့် ၉ ရှိ လှိုင်းဒဏ်နှင့် အဆင့် ၁၂ ရှိ လေပြင်းဒဏ်တို့ကိုခံနိုင်ရည်ရှိကြောင်းသိရသည်။

 

ယင်းရေယာဉ်သည် ရေငုပ်သင်္ဘောရှာဖွေကယ်ဆယ်ခြင်း၊ ပင်လယ်ပြင်လေ့လာဆန်းစစ်ခြင်း၊ ပင်လယ်ရေ အောက် ဓာတ်သတ္တုများနှင့် ရေအောက်သွင်ပြင်လက္ခဏာများအား စူးစမ်းရှာဖွေခြင်းနှင့် အခြားပေးအပ်သော တာဝန်များကိုပါထမ်းဆောင်နိုင်အောင် လိုအပ်သောကိရိယာများတပ်ဆင်ထားသည့်အပြင် ဆေးဝါးနှင့် အသက် ကယ်ပစ္စည်းများပါတပ်ဆင်ထားကြောင်း သိရသည်။

 

ဗီယက်နမ်ပြည်သူ့ရေတပ်မတော်သည် ရုရှားနိုင်ငံမှရရှိထားသော 6 Project 636 ကီလိုအဆင့်ရှိ ဒီဇယ်သုံးရေ ငုပ်သင်္ဘောအုပ်စုအတွက်ထောက်ပံ့ရန် ရေငုပ်သဘောၤကယ်ဆယ်ရေးရေယာဉ်အသစ်လိုအပ်လျက်ရှိသည်။

 

ယခုနှစ်အတွင်း လတ်တလောလူသေဆုံးမှုဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှားရေတပ်ပိုင် Cakra-class ရေငုပ်သင်္ဘော မတော်တဆမှုကြောင့် ယင်းလိုအပ်ချက်ကို ထပ်မံအလေးထားစဉ်းစားခဲ့ကြောင်သိရသည်။

 

#PeopleMedia #International

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 



 


 


 


 


 

#PeopleMedia #International


Share this post