• Follow Us on

Home ဖားကန့်မြို့နယ် ရှမ်းစုကျေးရွာတွင် အနုကြမ်းစီး၍ ငွေနှင့် ရေမဆေးကျောက်များ လုယက်သွားသူများကို ဖမ်းဆီးရမိပြီ

ဖားကန့်မြို့နယ် ရှမ်းစုကျေးရွာတွင် အနုကြမ်းစီး၍ ငွေနှင့် ရေမဆေးကျောက်များ လုယက်သွားသူများကို ဖမ်းဆီးရမိပြီ

Share this post

ဖားကန့်၊ ဇန်နဝါရီ ၂၁ (People Media)

ဖားကန့်မြို့နယ် ရှမ်းစုကျေးရွာတွင် ယမန်နေ့က အနုကြမ်းစီး၍ ငွေနှင့် ရေမဆေးကျောက်များ လုယက်သွားသူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဖားကန့်မြို့မရဲစခန်း က အတည်ပြုသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ရှမ်းစုကျေးရွာအနီးရှိ တောင်ယာတဲတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၂း၀၀ နာရီအချိန်က တဲရှင်ဖြစ်သူ ဦးစိုးအောင်(ခ)သားကြီးသည် အပြင်သို့ထွက်သွားသဖြင့် တဲစောင့်အဖြစ် ကျန်ရစ် ခဲ့သော ဦးဂွဲတန်သည် ခွေးဟောင်သံများကြားသဖြင့် တဲအတွင်းမှ ထွက်ကြည့်ခဲ့ရာ တဲပေါ်သို့ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်နေ ဆိုင်းအောင်နှင့် ရှမ်းစုကျေးရွာနေ အဝမ်း တို့နှစ်ဦး တဲပေါ်သို့ တက်လာသည်ကို တဲပေါ်တွင် ထွန်းထားသော ဘက္ထရီမီးရောင်ဖြင့် တွေ့ခဲ့ရပြီး ၎င်းတို့နှစ်ဦး တဲပေါ်သို့ ရောက်သောအခါ အဝမ်းမှ ဦးဂွဲတန်အား နိုင်လွန်ကြိုးဖြင့် တုပ်ချည်၍ထိုင်ခိုင်းကာ မည်သည့် စကားမျှမပြောရန် ခြိမ်းခြောက်ပြောဆိုပြီး တဲပိုင်ရှင်ဖြစ်သူ ဦးစိုးအောင်(ခ)သားကြီး ပိုင်ဆိုင်သည့် သေတ္တာအတွင်းမှ ငွေများနှင့် အခန်းအတွင်းတွင် ထားရှိသော ရေမဆေးကျောက်များအား ယူဆောင်၍ အဝမ်းမှ ကြိုးပြန်လည်ဖြေပေးကာ ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား တဲရှင် ဦးစိုးအောင်(ခ)သားကြီးအား ဆက်သွယ်ပြောဆိုရန် ဦးဂွဲတန်တွင် ဖုန်းမရှိသဖြင့် နံနက် ၈း၀၀ နာရီအချိန်ခန့်မှသာ အသိမိတ်ဆွေတစ်ဦး၏ ဖုန်းဖြင့် ကိုသားကြီးအား ဆက်သွယ်ပြောပြခဲ့ပြီး ယခုကဲ့သို့ ကြိုးဖြင့်တုပ်ချည်ပြီး ငွေများ၊ ရေမဆေးကျောက်များအား လုယက်ခိုးယူသူများအား ဥပဒေအရ အရေးယူပေးပါရန် ဦးဂွဲတန်က တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဖားကန့်မြို့မရဲစခန်းမှ အမှုစစ်ဒုရဲအုပ် ခိုင်လွင်သည် နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ လိုက်လံစုံစမ်း စစ်ဆေးဆောင်ရွက်နေစဉ် ဇန်နဝါရီလ ၁၈ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် တရားခံ ဆိုင်းအောင်က ၎င်းငှားရမ်းနေထိုင်သည့် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ အပိုင်း (ဒီ)၊ ကြိုးတံတားထိပ်ရှိ နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး တရားခံ အဝမ်းအား ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်တွင် ရှမ်းစုကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ရိန်အောင် ကို ရှမ်းစုကျေးရွာအတွင်းတွင်လည်းကောင်း၊ ကျော်ဇင်လတ်ကို မရှီကထောင်ရပ်ကွက်အတွင်းတွင် လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်းအောင် (၃၂)နှစ် (ဘ)ဦးနော်အောင် မရှီကထောင်ရပ်ကွက် အပိုင်း(ဒီ) ဖားကန့်မြို့နေသူ၊ အောင်ဝမ်း(ခ)အဝမ်း (၂၄)နှစ် (ဘ)ဦးစိုင်းရီ ရှမ်းစုကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်နေသူ၊ ရိန်အောင် (၂၄)နှစ် (ဘ)ဦးအိုက်ထွန်း အထက်မက်လင်ချောင်းကျေးရွာ ဆိပ်မူအုပ်စု ဖားန့်မြို့နယ်နေသူ နှင့် ကျော်ဇင်လတ် (၂၀)နှစ် (ဘ)ဦးမောင်တင် မရှီကထောင်ရပ်ကွက် ဖားကန့်မြို့ နေသူတို့အား Covid-19 ရောဂါပိုး ရှိ/မရှိ ဖားကန့်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့ (၄)ဦးအား (ပ)၁၂/၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူကာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေသီ

#PeopleMedia #ဖားကန့် #လုယက်မှု

(unicode)


Share this post