• Follow Us on
Latest News

Home ဖွဲ့စည်းပုံအရ ပြည်သူတွေ စိုးရိမ်နေကြသလို တပ်မတော်အာဏာသိမ်းခြင်းကို ခွင့်ပြုထားမှုမရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်ကို ပြောဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

ဖွဲ့စည်းပုံအရ ပြည်သူတွေ စိုးရိမ်နေကြသလို တပ်မတော်အာဏာသိမ်းခြင်းကို ခွင့်ပြုထားမှုမရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်ကို ပြောဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

Share this post

ဇန်နဝါရီ(၁၉)ရက်နေ့ ညပိုင်းက တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (င)နှင့် (စ)တို့ကို ကိုးကားခဲ့သည်။ ထို့အတူ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ပေးလျှင် ပြည်သူ့ဆန္ဒကို ထင်ဟပ်မည်ဖြစ်၍ အများဆန္ဒနှင့်အညီ ရလဒ်ကို လက်ခံသွားမည်ဖြစ်ပြီး နိုင်ငံရေးအကျပ်အ တည်းကို ကျော်လွှားရန် ပြည်ထောင်စုလွှတ်တော်၊ အစိုးရ၊ UEC က နည်းလမ်းရှာ ဖြေရှင်းပေးရန် ထုတ်ပြန် ထားသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People Media က NLD ပါတီ၏ CEC အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။

People Media ။ ။ မနေ့ညပိုင်းက တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)ပုဒ်မခွဲ (င)နဲ့ (စ)ကို ညွှန်းသွားတယ်။ ဒီအပေါ်မှာ ဆရာတို့ NLD ပါတီက စိုးရိမ်ချက်ရှိလား။ ဒီအပေါ်မှာ ဘယ်လိုယူ ဆချက်ရှိလည်း ခင်ဗျ။

ဒေါက်တာမျိုးညွှန့် ။ ။ ဒီကြေညာချက်ကို ဖတ်ကြည့်လိုက်တဲ့အခါမှာ အရင်ကလည်း ကြေညာပြီးသားကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သဘောထားလည်း အကြိမ်ကြိမ်ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ထူးခြားတာကတော့ အခြေခံဥပဒေကို ကိုးကားပြီး ထုတ်ဖော်ပြောဆိုတာလည်းရှိပါတယ်။ အခြေခံဥပဒေအရဆိုရင် ပြည်သူတွေ စိုးရိမ်နေကြသလို အာဏာသိမ်းတာကို ခွင့်ပြုထားတာမရှိပါဘူး။ နိုင်ငံတော်ရဲ့အခြေအနေ ယိုယွင်းလာမှသာ သမ္မတရဲ့ ဆုံးဖြတ်ချက်အရ လုပ်ပိုင်ခွင့်ပေးအပ်တာပဲ ရှိပါတယ်။ ဒီထဲမှာ အရေးဆုံးစကားလုံးက နိုင်ငံရေး အကျပ်အတည်း ဖြစ်စေလိမ့်မယ်ဆိုတာပါဘဲ။ ဥပဒေနဲ့ အညီညွတ်ဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းအားလုံးကို ဥပဒေက ပေးထားတဲ့နည်းလမ်းတွေနဲ့ သုံးပြီးတော့ ပြန်လည်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဥပဒေနဲ့ အညီဖြစ်တဲ့ ဘယ်လိုအကျပ်အတည်းမျိုးမဆို ကျွန်တော်တို့ကလည်း ဖန်တီးခြင်းမရှိပါဘူး။ ဘယ်သူကပဲ ဖန်တီးလာလာ ဥပဒေနဲ့အညီ ပြန်လည်ဖြေရှင်းနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

People Media ။ ။ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒအစစ်မှန်ကို ထင်ဟပ်စေမှာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့အညီ တပ်မတော်က ရလဒ်ကို လက်ခံ မယ်လို့ ပြောဆိုချက်ရှိတယ်။ ဒီအပေါ် ဘာပြောနိုင်မလဲ ခင်ဗျ။

ဒေါက်တာမျိုးညွှန့် ။ ။ ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမယ်ဆိုတာက ဘာတွေရည်ရွယ်မှန်းမသိပါဘူး။ ပြည်သူ ဆိုတာ အခုလက်တလော ကန့်ကွက်ဆန္ဒပွဲတွေ ပြုလုပ်နေတဲ့သူတွေကို ရည်ရွယ်တယ်ဆိုရင်တော့ ပြည်သူ အများကို ကိုယ်စားမပြုဘူးလို့ ပြောချင်ပါတယ်။ ဒါဟာ မိမိကိုယ်မိမိ ပြည်သူလို့ နာမည်တပ်တာနဲ့ ပြည်သူ အများစုကို ကိုယ်စားပြုပိုင်ခွင့်မရပါဘူး။

People Media ။ ။ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေဖို့ လွှတ်တော်၊ အစိုးရနဲ့ UEC တို့အနေနဲ့ နည်းလမ်းရှာဖြေရှင်းပေးဖို့ ပြောဆိုထားတဲ့အပေါ်မှာရော ဆရာတို့အနေနဲ့ ဘာမှတ်ချက်ပြုနိုင်မလဲ။

ဒေါက်တာမျိုးညွှန့် ။ ။ တပ်မတော်ကပြောတဲ့ ပြန်လည်ဖြေရှင်းပေးစေချင်တယ်ဆိုတာက ကျွန်တော်တို့ သူ့ထုတ်ပြန်ချက်မှာ မရှင်းလင်းတာမျိုးတွေ ရှိပါတယ်။ ဒီထုတ်ပြန်ချက်မှာဆိုရင် တပ်မတော်သားမဲဆန္ဒရှင် တွေက ဥပဒေနဲ့အညီ ကန့်ကွက်လွှာတင်သွင်းဖို့အတွက် မဲစာရင်းကူးယူခွင့် လျှောက်ထားတဲ့အခါမှာ UEC က ဥပဒေနဲ့မညီလို့ ခွင့်မပြုဘူးလို့ ပြောပါတယ်။ အဲ့ဒါ မဟုတ်ပါဘူး။ အဲ့တုန်းက လျှောက်တုန်းက မဲစာရင်းများကို ပြန်လည်စိစစ်ဖို့ဆိုပြီး တောင်းတာပါ။ ကိုယ်စားလှယ်လောင်းတစ်ဦးကို ကန့်ကွက်ဖို့အတွက် လိုအပ်တဲ့ မဲစာရင်း တွေ သက်ဆိုင်ရာ စာရွက်စာတန်းတွေကို UEC က ခွင့်ပြုလို့ပဲ တပ်မတော်သား မဲဆန္ဒရှင်တွေဟာ ကန့် ကွက်လွှာတွေ တင်သွင်းနိုင်ပြီပဲဖြစ်ပါတယ်။ အဲ့တော့ ဒီအချက်ကလည်း တိကျခိုင်မာမှုမရှိပါဘူးလို့ ပြောချင်ပါ တယ်။

People Media ။ ။ ဒီလိုဖြစ်စဉ်တွေ ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာတော့ UEC က ဘာလို့ တုန့်ပြန်မှုမရှိတဲ့ အပေါ် ဆရာရဲ့သဘောထား သိပါရစေ။

ဒေါက်တာမျိုးညွှန့် ။ ။ ကျွန်တော်တို့လည်း အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြီးအပျက် ဖြစ်တယ်ဆိုတဲ့ဌာနလေးခုရှိပါတယ်။ အကယ်၍ ဒီဌာနလေးခုရဲ့ ဆုံးဖြတ်ချက်တွေ ဆောင်ရွက်ချက်တွေကို ပြန်လည်ပြီး စိစစ်ခွင့်ရှိမယ်ဆိုရင် တခြားဌာနများရဲ့ ဆောင်ရွက်ချက်ကလည်း ပြန်လည်စိစစ်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားပါလိမ့်မယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

People Media ။ ။ တပ်မတော်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဒေါက်တာမျိုးညွှန့် ။ ။ ဘယ်အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်မဆို အကယ်၍ထောက်ပြမယ်ဝေဖန်မယ်ဆိုရင် ပြောစရာတွေ အများကြီးရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ကို ထောက်ပြဝေဖန်ခြင်းအစား ဒီပြဿနာမျိုး နောင်မဖြစ်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုပြီးတော့ ဆောင်ရွက်ခြင်းသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်မယ်လို့ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့ ဆရာဒေါက်တာမျိုးညွှန့်ကို ကျေးဇူးတင်ရှိပါတယ်။

Photo – သမ္မတရုံး

#PeopleMedia #ဒေါက်တာမျိုးညွှန့် #Political

(unicode)
…………………………………………………………













Photo – သမ်မတရုံး

#PeopleMedia #ဒေါကျတာမြိုးညှှန့ျ #Political


Share this post